( (( လမြတ်တပို့တွဲ.....ပညာတန်ဆောင်နွဲ))) မြန်မာဓလေ့
မြန်မာနိင်ငံတွင် မှီတင်းနေထိုင်သော မြန်မာလူမျိုးတို့သည် ပင်ကိုယ်စရိုက်အားဖြင့် ပျော်ရွှင်စွာနေတတ်ခြင်း၊စေတနာသဒ္ဒါတရား ထက်သန်သူများဖြစ်ကြပါတယ်။ သာယာလှပါသော မြန်မာနိုင်ငံသည် တနှစ်တာ ၁၂လ ပတ်လုံး ၁၂ ရာသီပွဲတော်များကိုလည်း ကျင်းပလေ့ရှိကြပါတယ်။အခု ရွှေပန်းချီ ထပ်ဆင့် မျှဝေချင်တဲ့ လကလေးကတော့ တပို့တွဲလပြည့်အကြောင်းပဲ ဖြစ်ပါတယ်။
တပို့တွဲလကို အများအားဖြင့်ထမနဲပွဲတော်လ လို့သိရှိထားကြပါတယ်။တကယ်တော့ ထမနဲပွဲတော်လအပြင် မြတ်ဘုရားရှင်အဆူဆူတို့ သြ၀ါဒပါဓိမောက်ခေါ်တဲ့ ဆိုဆုံးမစကားအဦးဆုံးမိန့်တော်မူတဲ့လ၊ မြတ်ဘုရားဂေါတမလက်ထက်တော်တွင် အရှင်သာရိပုတ္တာမထေရ် ရဟန္တာဖြစ်တော်မူခြင်း၊ လက်ယျာ်တော်ရံ လက်ဝဲတော်ရံ မဟာသာဝက ဘွဲ့တော်များအပ်နှင်းသည့် လလဲဖြစ်ပါတယ်။
ထမနဲပွဲတော်..
ထမနဲဟူသည်မှာ ကောက်ညှင်းထမင်းကို ယောက်မများနှင့်စေးပိုင်အောင် နှဲရသည်(မွှေရသည်)အတွက် ထမနဲခေါ်ခြင်းဖြစ်ပါတယ်။ ဆေးပညာရှုထောင့်မှ သုံးသပ်ချက်အရ အအေးဒဏ် ခံနိုင်ရန်အတွက် ဆေးဝါးအဖြစ်လဲစားသုံးကြရခြင်းလို့ဆိုပါတယ်။ နေ့ပူညချမ်းဖြင့် ရာသီဥတုကြမ်းတမ်းသည့် ကာလတွင်မအီမသာ ထိုင်းမှီုင်းခြင်းဝေဒနာကို ခံစားကြရပါတယ်။၎င်းကို ဆေးပညာရှင်တို့က”တေဇောအကျဉ်းကျနာ” သတ်မှတ်ကြကြောင်းနှင့် ရတနာပုံခေတ် ဘ၀ရှင်မင်းတရားလက်ထက်တော်တွင် တစ်နန်းတော်လုံးသာမက တိုင်းပြည်အ၀ှမ်း ထိုဆေးဓါတ်စာကို ဖော်၍စားသုံးစေလို့ အမိန့်တော်မှတ်ခဲ့ပါကြောင်း သိရှိရပါတယ်။ထို့ကြောင့် မြို့ထိပ်၊ ရွာထိပ်၊ ရပ်ကွက်အလိုက် မိသားစုအလိုက် စုပေါင်းပြီးထမနဲထိုးသည့်အလေ့ အထပေါ်ပေါက်လာသည်ဟုလည်း စာပေများတွင် မှတ်သားရပါတယ်။
ပညာအရာဧကတဂ်ရသည် အရှင်သာရိပုတ္တရာ ရဟန္တာဖြစ်ခြင်း
တပို့တွဲလပြည့် နံနက်စောစောအချိန်တွင် ရာဇဂြိုလ်ပြည်နှင့် မနီးမဝေးမှာရှိသော ၀က်တူးဂူသို့ မြတ်စွာဘုရားနှင့် အရှင်သာရိပုတ္တရာ ကိုယ်တော်ကြိးတို့သည် ကြွချီခဲ့ပြီး ဂူထဲတွင်သီတင်းသုံးနေတော်မူခဲ့ချိန်တွင် အရှင်သာရိပုတ္တရာ၏ တူတော်စပ်သော အယူလွဲမှား ကိုးကွယ်သည့် သေဋိလခေါ်သည့် (လက်သည်းခြေသည်းများကို အရှည်ထားကျင့်သူ) သူသည် ရောက်ရှိလာပြိး အယူဝါဒနှင့် ဆိုင်သော မေးခွန်းများကိုလျှောက်ထား မေးမြန်းသဖြင့် ဘုရားရှင်က ပြန်လည်ဖြေကြားခြင်းတွင် နောက်တောပါးရှိ အရှင်သာရိပုတ္တရာက ဘုရားရှင်နောက်ပါး၌ရပ်လျက် တရားနာယူနှလုံးသွင်းရင်းပင် လေးမဂ်လေးဖိုလ်ပေါက်လျက် ရဟန္တာအဖြစ်သို့ရောက်တော်မူခဲ့ပါတယ်။
ရပ်တော်မူခြင်းဧရိယာပုဒ်နှင့် တရားထူးရခဲ့ခြင်းပင်ဖြစ်ပါတယ်။သေဋိလ ကတော့အယူအစွဲမှားများစွန့်ပြီး သောတပန်အဖြစ်ရတော်မူခဲ့ပါသဖြင့် တပို့တွဲလပြည့်နေ့သည် အထူးအမြတ်နေ့ပင်ဖြစ်ပါတယ်။
သြ၀ါဒပါတိမောက်ပေးခြင်း(ရဟန်းတော်များနှင့်သက်ဆိုင်သောစည်းကမ်းချမှတ်ပေးခြင်း)
ရာဇဂြိုလ်ပြည်ဝေဠုဝန်ကျောင်းတော်တွင်ရဟန္တာပေါင်း ၁၂၅၀ ခြံရံလျက် ”ပထမသံဃသန္နိပါတ”ပထမဆုံးသံဃအစည်းအဝေးကျင်းပပြီး
ဘုရားဆူဆူတို့ဆိုဆုံးမစကား သြ၀ါဒကို ချီးမြှင့်ခဲ့သည့်နေ့လည်းဖြစ်ပါတယ်။
သြ၀ါဒပါဓိမောက်အနှစ်ချုပ်မှာ
(၁)လွန်စွာချုပ်တည်းခြင်းဟူသောသည်းခံခြင်းသည် အလွန်မြင့်မြတ်သောအကျင့်ပေတည်း။
(၂)မိမိတို့၏စိတ်ကိုလွန်စွာသန့်ရှင်းဖြူစင်သန့်ရှင်းရှိစေရာ၏။
(၃)ထူးမြတ်သောအကျင့်၌ လွန်စွာအားထုတ်ရာ၏။...ဟုမှတ်သားရပါတယ်။
ရာထူးအပ်နှင်းသောပွဲ
အထက်ပါ သြ၀ါဒပါဓိမောက် ချီးမြှင့်သော အခမ်းအနားမှာပင် လက်ယ်ျာတော်ရံ အဂ္ဂမဟာသာဝကအဖြစ် ပညာအရာတွင် ဧကတဂ်ရတော်မူသော အရှင်သာရိပုတ္တာမထေရ်မြတ်ကြီးအားချီးမြှင့်တော်မူပြီး လက်ဝဲတော်ရံ အဂ္ဂမဟာသာဝကအဖြစ် တန်ခိုးအရာတွင် ဧကတဂ်ရတော်မူသော အရှင်မဟာမေဂ္ဂလာန် မထေရ်မြတ်ကြီးအား အပ်နှင်းတော်မူခဲ့ပါသည်။
ရွှေပန်းချီတို့ မန္တလေးမြို့တွင်လည်း အီမ်တိုင်း ရပ်ကွက်တိုင်း ထမနဲများကို ဆွမ်းလောင်းခြင်း ဝေငှခြင်းများပြုလုပ်ကြပြီး တပို့တွဲလပြည့်နေ့မနက် စောစောအာရုဏ်တက်ချိန်တွင် မဟာမြတ်မုနိရုပ်ရှင်တော်ဘုရားကြီးတွင် နံသာတုန်းများကို မီးရှိုးလျက် ခြေတော်လက်တော်မီးကင်ပွဲဆင်နွဲပြီး ထမနဲဆွမ်းလောင်းပွဲကိုလည်း ဆင်နွဲကြပါကြောင်းနှင့် လွန်စွာစည်ကား သိုက်မြိုက်လှပါကြောင်း ရေးသားဖေါ်ပြလိုက်ရပါတယ်။
ရာသီခါမှီ
ပွဲတော်တည်ပ
ကောက်ညှင်းစီးစီး
အုန်းပေါင်းပြီးသည့်
ထမနဲမွှေး စားမည်ပေးက
နေပူညချမ်း ရာသီကြမ်းသည့်
ညှိသည့် ဓါတ်စာ ပမာညီသ
မငြိုငြင်က လွန်စွာခသည်
ကာလဒေသ အလိုက်တည်း...ရှင့်။
ပွဲတော်တည်ပ
ကောက်ညှင်းစီးစီး
အုန်းပေါင်းပြီးသည့်
ထမနဲမွှေး စားမည်ပေးက
နေပူညချမ်း ရာသီကြမ်းသည့်
ညှိသည့် ဓါတ်စာ ပမာညီသ
မငြိုငြင်က လွန်စွာခသည်
ကာလဒေသ အလိုက်တည်း...ရှင့်။
တခါကသည်
ရာဇဂြိုလ်ပြည် ၀က်လူးရွှေတောင်
ထူးသည့်တောင်ဂူ
ရွှေဥာဏ်ကူလို့ အရတဖိုလ်ပေါက်
ရွှေပြည်ရောက်ခဲ့ ပညာတံခွန်လှ
သာလွန်စွ....ရှင်။
မြတ်ဘုရားအဆူဆူ
ညီတူချထား သြ၀ါဒစကား
ပထမစကား ဦထိပ်ထားလျက်
သာသနာ့တာဝန် ပေးစေညွန်သည်
ဘုန်မိုးစွေစွေသွန်းသော်....ရှင့်။
လမြတ်တပို့တွဲ..တူယှဉ်နွဲရန်
ဖိတ်ခေါ်ပြန်သ....ပျော်ကြရမည်
ရွှေတို့မြို့မန်း...လာလှဲ့စမ်းနော်
ဘုရားလက်ကင်...မီးပုံရှင်ပွဲ
အမှန်ပွဲပ...ထမနဲဆွမ်းလောင်း
သာ၍ညောင်းသည်..အပေါင်းဖေါ်သဟာ
ပျော်ကြပါဖို့...ဖိတ်ခေါ်စို့...ရှင့်။
(ရွှေပန်းချီ)
သို့ဖြစ်ပါ၍ တပို့တွဲလပြည့်နေ့သည် ပျော်စရာကောင်းသောနေ့ကလေးတခုအပြင် ဘုရားရှင်လက်ထက်တော်တွင် ထူးခြားသောနေ့ထူးနေ့မြတ် တခုပင်ဖြစ်ပါကြောင်း လေ့လာမှတ်သားသမျှကို သိရှိနိုင်ပါရန် ကြိုးစားတင်ပြလိုက်ပါတယ်။
ရွှေပန်းချီ။(၂၄-၂-၁၃) ၉း၃၀AM
ရွှေပန်းချီ။(၂၄-၂-၁၃) ၉း၃၀AM