Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

- ရည်ရွယ်ချက်၏ နောက်ကွယ်မှာ

$
0
0

-သကျမောင်-1,6,2011

တလောက အညာဒေသမှာ ရောက်နေတဲ့ ကျွန်တော့်သူငယ်ချင်း တစ်ယောက်က ကျွန်တော်ဆီကို ဖုန်းဆက်ပြီး အကူအညီ တောင်းပါတယ်။

“ဟေ့ သူငယ်ချင်း နေကောင်းလား၊ မင်းကို အကူအညီ တစ်ခု တောင်းစရာ ရှိလို့”

“ပြောလေကွာ၊ ငါတတ်နိုင်ရင်လဲ ကူညီရတာပေါ့”

“ဒီလိုကွ၊ ငါ့အစ်မ တစ်ယောက်က သူ့သမီးကလေးကို ဘ/က ကျောင်းတစ်ကျောင်းမှာ ကျောင်းအပ်ချင်လို့တဲ့၊ အဒါ မင်းတို့နားမှာ ဘ/ကကျောင်း ရှိရင် မင်းများ ကူညီနိုင် မလားလို့”

“ဒါများကွာ၊ ဘာလို့ မကူညီနိုင်ရမှာလဲ၊ ငါတို့နားမှာ ဘ/ကကျောင်း တစ်ကျောင်း မဟုတ်ဘူး၊ နှစ်ကျောင်းတောင် ရှိတယ်၊ အဒီ ဘုန်းဘုန်းတွေကိုလဲ ငါ သိပါတယ်ကွ။ ဒါနဲ့ နေပါဦး၊ မင်းအစ်မလို မြို့ထဲမှာ နေနေတဲ့ ဘော့စ် တစ်ယောက်က ငါတို့ မြို့စွန် ဇနပုဒ်က ဘ/ကကျောင်းမှာ ကျောင်းအပ်ချင်တယ် ဆိုတာက ငါဘယ်လို နားလည်ရမှာ လဲကွ”

“ဟေ့ သူငယ်ချင်း၊ ဒါတော့ မင်း ငါ့အစ်မနဲ့ တွေ့မှပဲ မင်းဖာသာမင်း မေးကြည့်ပေတော့၊ ငါ မင်းလိပ်စာကို ပြောပြပြီး သူ့ကို မင်းဆီ လွှတ်လိုက်မယ်။ အဆင်ပြေအောင်သာ ကူညီလိုက်ပါကွာ”

“စိတ်ချ သူငယ်ချင်း”

ဒီလိုနဲ့ သူငယ်ချင်း ဖြစ်သူ ဖုန်းချသွားတော့ ကျွန်တော့်ခေါင်းထဲမှာ ဘာလို့များပါ လိမ့်-ဆိုတဲ့ အတွေးတွေကို အမျှင်မပြတ် တွေးနေမိပါတယ်။

တွေးလို့ ကောင်းနေတုန်း မှာဘဲ သူငယ်ချင်းရဲ့ အစ်မလဲ ကားလေးနဲ့ ပေါက်ချလာပါတယ်။
ဒီတော့မှ အဖြေကို ရှင်းရှင်းလင်းလင်း သိလိုက်ရပါတယ်။

သူငယ်ချင်းရဲ့ အစ်မက သူ့သမီးကလေးကို နိုင်ငံခြားမှာ ကျောင်းထားတာပါ။
လေးတန်းအောင်ပြီး ငါးတန်းတက်စ အရွယ်ဆိုတော့ အလွန်ဆုံး ရှိလှမှ ဆယ်နှစ် ကျော်ကျော်ပေါ့။

အခြေအနေအရ ဒီက ပညာရေးနဲ့ နိုင်ငံတကာကို ထိုးဖောက်နိုင်ဖို့ ဆိုတာက မလွယ်ဘူးလေ။
အထူးသဖြင့်တော့ ဘာသာစကား။
ဒီတော့ ဘာသာစကား လဲ ကျွမ်းကျင်အောင် နိုင်ငံတကာ ပညာရေးကိုလဲ အမီလိုက် နိုင်အောင် ကလေးဘ၀ ကတည်းက ဟိုမှာ ပို့ထား လိုက်ပါတယ်။

အကြောင်းကြောင်းကြောင့် ဒီမှာ ပြန်ပြီး နေမယ်ဆိုရင်လဲ ဒီက ပညာရေးနဲ့ ဒီက အတန်းကို အောင်ပြီးသား ဖြစ်နေချင်တယ်။
ဒီတော့ အကြံအဖန် လုပ်ရတာပေါ့။
လေးတန်းအထိတော့ တခြားကျောင်းတစ်ကျောင်း မှာ စာရင်းသွင်းပြီး အောင်အောင် လုပ်ခဲ့ပြီးပါပြီ။

အခု ငါးတန်းဆိုတော့ ကျောင်းပြောင်း ဖို့ လိုလာလို့ ကျွန်တော်ကို အကူအညီ တောင်းတာပါ။
ကျွန်တော်ကလဲ ကူညီလိုက်ပါ တယ်။
အဆင်ပြေသွားတယ် ဆိုပါတော့ဗျာ။

ဒီအစ်မ မပြန်ခင် ပြောသွားတဲ့စကားတွေထဲမှာ “နင် စဉ်းစားကြည့်လေ၊ ဒီမှာ ထားလို့ကတော့ ဒီလိုဘဲ ဟေးလား ဟားလားနဲ့ အချိန်ကုန် သွားမှာပေါ့” တဲ့။

ဒီစကား ကြားရတော့ ကျွန်တော့်စိတ်ထဲမှာ တော်တော်ခံစားရပါတယ်။
အစ်မ ပြောသလို မဟုတ် တာတောင် ကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိပညာရေး အဆင့်အတန်းက အိမ်နီးချင်းနိုင်ငံ တွေကိုတောင် မမီနိုင်ဘဲ ဖြစ်နေတာကတော့ ငြင်းမရပါဘူး။

ဒီလို ဖြစ်နေတာကလဲ ဆယ်စုနှစ် သုံးလေးခု မက ရှိခဲ့ပြီဆိုတော့ အနာဂတ် အတွက် မျှော်မှန်းချက် ကြီးကြီးမား မား ထားချင်ကြတဲ့ မိဘများအနေနဲ့ ကိုယ်ရင်သွေးအတွက် စိုးရိမ်မယ် ဆိုလည်း စိုးရိမ် စရာပါ။

ဒီလိုအခြေအနေမျိုးမှာ တတ်နိုင်တဲ့ မိဘတွေက ကိုယ့်ရင်သွေးကို ကလေး ကတည်းက နိုင်ငံခြားပို့ပြီး မြေတောင်မြှောက်ပေးကြတာဟာ ပညာရေး ရှုထောင့်တစ်ခု တည်းကသာ ကြည့်မယ်ဆိုရင်တော့ ၀မ်းမြောက်စရာကြီးပါ။

ဒါပေမဲ့ ကျွန်တော်တို့ဟာ ကိုယ့်ရင်သွေးကို ပညာရေးရှုထောင့်တစ်ခုတည်းက ကြည့်ပြီး ပြုစုပြိုးထောင်ပေးရုံ လောက်နဲ့ ကျွန်တော်တို့ တာဝန်ကျေပြီလား။

တခြားတခြားသော မြန်မာယဉ်ကျေးမှု မြန်မာ့ဓလေ့ထုံးစံ မြန်မာမြေ မြန်မာရေ မြန်မာအငွေ့အသက် စတဲ့ စတဲ့ ရှုထောင့် တွေကရော ကြည့်ပြီး မျိုးစေ့ ချတာမျိုးတွေ မလုပ်သင့် ပေဘူးလား။

တစ်ချိန်က နိုင်ငံရေး နယ်ပယ်မှာရော စာပေနယ်ပယ်မှာပါ ထင်ရှားကျော်ကြားခဲ့ တဲ့ ဆရာဦးသိန်းဖေမြင့် ဆိုရင် သူ့ရင်သွေးတွေကို မူလတန်းအရွယ်မှာ ဘုန်းတော်ကြီးကျောင်းမှာ ဖွင့်ထားတဲ့ မူလတန်းကျောင်းမှာဘဲ ပညာသင်ကြားစေပါ တယ်တဲ့။

သူ့ရည်ရွယ်ချက်ကတော့ ငယ်ရွယ်စဉ် ကလေးဘ၀မှာ မြန်မာ့ယဉ်ကျေးမှုနဲ့ တွေ့ပေးထားစေချင်လို့ပါတဲ့။
ကျွန်တော်တို့ အလေးအနက် စဉ်းစားထိုက်တယ် ထင်ပါတယ်။

တကယ်တော့ မူလတန်းအရွယ် ကလေးတစ်ယောက်ရဲ့ အနေအထားဟာ အလွန်ကို နုနယ်ပါသေးတယ်။ ဒီလိုအချိန် ဒီလိုအရွယ်မျိုးမှာ ဒီကလေးရဲ့ စိတ်နှလုံးကို ပတ်ဝန်းကျင် အငွေ့အသက်တွေက အတိုင်းအတာ တစ်ခုအထိ လွှမ်းမိုးသွားနိုင် တယ် ဆိုတာကတော့ စဉ်းစား ဖို့တောင် လိုမယ် မထင်ပါဘူး။

ဒါနဲ့ ပတ်သက်လို့ ပတ်ဝန်ကျင် ၀ါဒီ ပညာရှင်ကြီးတစ်ယောက်က ဆိုရင် ဘယ်လောက်အထိ ပြောသလဲဆိုတော့ သူ့ဆီ ကို ငါးနှစ် အရွယ် ကတည်းကသာ ပို့လိုက်ပါတဲ့၊
တရားသူကြီးတစ်ယောက်ရဲ့သားကိုလဲ သူခိုးဖြစ်အောင် လုပ်ပေးနိုင်ပါတယ်တဲ့။

သူခိုးတစ်ယောက်ရဲ့သားကိုလဲ တရားသူကြီး ဖြစ်အောင် လုပ်ပေးနိုင် တယ်တဲ့။
ဒီအချက်ဟာ နုနယ်သေးတဲ့ ကလေးဘ၀မှာ ပတ် ၀န်ကျင်လောင်းရိပ်ရဲ့ အရေးပါမှုကို ဖော်ပြတာပါဘဲ။

ကလေးတစ်ယောက် လူဘ၀ရောက်ပြီးချိန်က စပြီး ကျောင်းနေချိန်အရွယ် ဖြစ် တဲ့ ခြောက်နှစ်သား အရွယ်လောက်ဆိုတာ မိဘနဲ့ ဆွေမျိုးသားချင်းတွေရဲ့ လက်ပေါ် မှာဘဲ ရှိနေပါသေးတယ်။

ပြင်ပ ပတ်ဝန်းကျင်နဲ့ ထိတွေ့ခွင့် များများစားစား မရသေး ပါဘူး။
သူငယ်တန်းတက်ရလို့ စာသင်ကျောင်း ရောက်သွားတော့မှသာ အတန်းဖော် တွေ သူငယ်ချင်းတွေနဲ့ တွေ့ခွင့်ရတာ ဖြစ်လို့ မြန်မာ့ပတ်ဝန်းကျင်နဲ့ ခုမှ စ တွေ့တယ် လို့တောင် ပြောလို့ရမယ် ထင်ပါတယ်။

သူငယ်တန်းကနေ လေးတန်းအောင်တဲ့ အထိ ငါးနှစ်လောက် ကာလကလေးကိုတော့ မြန်မာ့မြေ မြန်မာ့ရေမှာ မြန်မာ့ အငွေ့အသက်တွေကို ရှူရှိုက်ခွင့် ပေးသင့် ပါတယ်။

ဒီကာလအတွင်း ပညာရေးအရ နိုင်ငံ ခြားနဲ့ ယှဉ်လိုက်ရင် အားနည်းကောင်း အားနည်းပါလိမ့်မယ်။
ဒီအားနည်းချက်ကို ကျွန် တော်တို့ တစ်နည်းနည်းနဲ့ ဖြည့်တင်းပေး ရမှာပေါ့ဗျာ။

မူလတန်းအရွယ်ကလေးငယ်ဘ၀မှာ ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်ပတ်ဝန်းကျင်မှာ ကြီးပြင်းခွင့် ပေးလိုက်တဲ့အတွက်တော့ နောင်တစ်ချိန်မှာ မြန်မာအဖြစ်နဲ့ပဲ ဆက်လက် အသက်ရှင်နေကြဦးမယ့် ကျွန်တော်တို့ မိဘ ဘိုးဘွားတွေ အတွက်ရော နိုင်ငံအတွက် ပါ ဖော်ပြလို့ မရနိုင်တဲ့ အကျိုး ကျေးဇူးက အမှန်တကယ် ရှိနေပါလိမ့်မယ်။

ဒီလိုမဟုတ်ခဲ့ရင်တော့ ဒီကလေးကြီးပြင်းလာတဲ့ နောင်တစ်ချိန်ဟာ ကျွန်တော်တို့ ရည်ရွယ်မျှော်လင့်ထားတဲ့ အသိပညာ အတတ်ပညာတွေ ပြည့်ဝကောင်း ပြည့်ဝ နေပေမယ့် မြန်မာ့မိသားစု မြန်မာ ပတ်ဝန်းကျင် အတွက်တော့ ဆားမပါတဲ့ ဟင်းကြီး လို ဖြစ်နေမလားဘဲ။

ဒီလို ပြောလိုက်တာဟာ တခြားနိုင်ငံတွေရဲ့ ယဉ်ကျေးမှုကို ထိပါးပုတ်ခတ်တာ မဟုတ်ပါဘူး။

သူတို့ ယဉ်ကျေးမှုကို ကျွန်တော်တို့က လေးစားရမယ့် ၀တ္တရား ရှိသလို ကျွန်တော်တို့ ယဉ်ကျေးမှုကိုလဲ ထိန်းသိမ်းရမယ့် တာဝန်တွေရှိနေပါတယ်။

ဒီတာဝန်ကို မကျေပြွန်ရင် တစ်ချိန်ချိန်မှာ ကျွန်တော်တို့အတွက် နေရထိုင်ရတာ မသက်မသာ ဖြစ်လာပါလိမ့်မယ်။

လူတစ်ဦးချင်းစီမှာ စရိုက်လက္ခဏာတွေ ကွဲပြားခြားနားသလို ယဉ်ကျေးမှု နောက်ခံခြင်းမတူညီတဲ့ လူအဖွဲ့အစည်း တစ်ခုနဲ့ တခုမှာလည်း ကွဲပြားခြားနားမှုတွေ ရှိနေပါတယ်။

ကျွန်တော်တို့ အတွက် တစ်ဦးချင်းစီရဲ့ အကျင့်စရိုက်တွေ ဘယ်လိုပဲ ရှိနေ ရှိနေ ယဉ်ကျေးမှု နောက်ခံခြင်း တူညီ နေခြင်းဟာ ကျွန်တော်တို့ရဲ့ မိသားစု ဘ၀ကို တနည်း တဖုံနဲ့ ဟာမိုနီ ဖြစ်စေပါတယ်။

မြန်မာမိသားစုဘ၀ကို အစိတ်အပိုင်းတစ်ခု အနေနဲ့ ပြေပြစ် ချောမွေ့အောင် ဖော်ဆောင်ပေးမယ့် မြန်မာ့ စိတ်ဓာတ်ဆိုတာဟာ ငယ်ရွယ်စဉ် ကလေးဘ၀ ကတည်းက ပြုစုပြိုးထောင် ရမှာ ဖြစ်လို့ ရင်သွေး ငယ်တွေရဲ့ပညာရေးကို စဉ်းစားတဲ့ အခါတိုင်းမှာ ဒီအချက်ကို လည်း ထည့်သွင်း စဉ်းစားထားစေ လိုပါတယ်ဗျာ။

သကျမောင်
၁-၆--၂၀၁၁
ဖတ်မိသမျှ ပြန်လည်တင်ပေးခြင်းသာဖြစ်ပါသည်။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>