လူမမာမေးနည်း
တစ်ခါက ရွာတစ်ရွာမှာ ကိုရွှေလေးနှင့် မသွက်သွက်တို့ လင်မယားနှစ်ယောက် ရှိသတဲ့၊ လင်ဖြစ်သူ ကိုရွှေလေးက နားလေးတယ်၊ မနည်းအော်ပြောမှ ကြားရတယ်၊ မယားဖြစ်သူ မသွက်သွက်က စကားထစ်တယ် စကားတစ်လုံးပြောဖို့ မနည်းအရှိန်ယူနေရတယ်၊ ။
ဒါနဲ့ တစ်နေ့မှာ သူတို့ အိမ်နားနီးက မိတ်ဆွေတစ်ယောက် နာမကျန်းဖြစ်တော့ ရပ်ရွာတို့ ထုံးစံ အတိုင်း လူမမာ မေးကြလေ့ ရှိတယ်လေ။
မမေးရင်လဲ လူမှုရေး ခေါင်းပါးတယ်လို့ ယူဆကြတယ်။ ယောက်ျားဖြစ်သူကလည်း နားလေးလို့ သူမေးရင် အဆင်မပြေမှာ စိုးရိမ်နေတယ်။ မယားဖြစ်သူကလည်း စကား ထစ်လို့ လူမမာ အနှောက်အယှက် ဖြစ်မှာကို အားနာနေသတဲ့။ ဒီလိုနဲ့ လူမမာလည်း တစ်ရက်ထက် တစ်ရက် ပိုဆိုးပြီး သေလုမျောပါး အခြေနေဖြစ်နေပါတယ်၊ ဒါကြောင့် လင်မယားနှစ်ယောက် လူမမာမေးဖို့ ခေါင်းချင်းဆိုင် တိုင်ပင်ကြရတော့တယ်။ နင်သွာားမှ သင့်တော်မယ်၊ ငါက နားလေးသူဆိုတော့ သူပြောသံ ဘာမှ ကြားမှာ မဟုတ်ဘူး။ ဒါကြောင့်မင်းပဲသွားမေးလိုက်ပါကွယ် ဟု ယောက်ျားက ပြောလေလျှင် မယားဖြစ်သူကလည်း အိုတော် ကျမသွားမေးရင် ကျမစကားထစ်နေတာနဲ့ လူမမာ စိတ်မရှည်ဖြစ်ပြီး မြန်မြန် အသက်ထွက်သွား မှ မလွယ်ပါဘူး၊ ရှင်သာ သွားမေးလိုက်ပါတော်၊ နှစ်ဦးသား ပြောဆိုရင်း အဖြေညှိမရဖြစ်နေကြသည်။
ခဏကြာသော် မိန်းမဖြစ်သူက အကြံတစ်ခု ရသွားသည်၊ ယောက်ျား ကျမ အကြံတစ်ခု ရပြီ၊ လူမမာကို ရှင်ပဲ သွားမေးလိုက်ပါ၊ ကျမမေးပုံ မေးနည်း ရှင့်ကို သင်ပေလိုက်မယ်၊ ဒီမယ် ကျမပြောမယ်၊
ရှင် ပထမဆုံး မေးရမှာက ကိုယ့်လူ သက်သာလား လို့ မေးရမယ်။ ဒီလိုမေးရင် ဘယ်လူနာမဆို (မသက်သာလည်း) သက်သာပါတယ်လို့ ဖြေနေကျတာပဲ။ သူလည်း ဒီလိုဖြေမှာ မလွဲနိုင်ဘူး။ ရှင်ကမေးပြီး သူပါးစပ်လှုပ်တာကို ကြည့် ပြီးတာနဲ့ ရှင် နှစ်သိမ့်ရမယ့် စကားက အေးကွာ ဒါကောင်းတဲ့ လက္ခဏာပဲ။ ငါ ဒီအဖြေကို ကြားချင်နေတာကွ၊ လို့ နှစ်သိမ့်လိုက်နော် ကြားလား။
ဒုတိယမေးခွန်းက= ဘယ်ဆရာဝန်နဲ့ ကု သလဲလို့် မေးပါ၊ ဒီလိုမေးရင် အကောင်းဆုံး ပါရဂူတွေ သမားတော်ကြီးတွေနဲ့ ကုတာလို့ ဖြေလိမ့်မယ်၊
ဒီတော့ ရှင်က သူစကားဆုံးပြီးတာနဲ့ ဘာပြန်ပြောရမလဲ ဆိုတော့ အေးကောင်းတယ် ကောင်းတယ် ဒီဆရာမျိုးက… မင်းအတွက် အကောင်းဆုံးဆရာပေါ့ကွာ ဟုပြောပါ။
နောက်ဆုံး မေးရမှာက အခု မင်း ဘာဆေးတွေ မှီဝဲ နေသလဲလို့ မေး၊။ ။ ဒီလိုမေးရင် သူက ဆရာဝန်ညွှန်ကြားတဲ့ ဆေးကောင်းဝါးကောင်းတွေ ကို မှီဝဲနေတာပေါ့လို့ ဖြေလိမ့်မယ်၊ ဒီတော့မှ ရှင်က ဆက်ပြီး အေးကောင်းတယ် ဒီဆေးဟာ မင်းအတွက် မရှိမဖြစ်ဆေးပေါ့၊ ဒီဆေးသောက်ပြီးရင် မင်း….. လိုအင်ဆန္ဒတွေ အကုန်ပြည့်သွားလိမ့်မယ် လို့ ပြောပြီး ထပြန်လာခဲ့ပေါ့ ။ ဒါဆို တို့လင်မယား လောက၀တ်ကျေပြီပေါ့ မဟုတ်ဘူးလား၊ အေးဟုတ်တယ် မင်းအကြံမဆိုးဘူး၊ ငါ နက်ဖြန် လူမမာ သွားမေးမယ်။
နောက်တစ်နေ့ မိုးလင်းသော် လူမမာမေးရန် ကိုရွှေလေး……..လူမမာအိမ်သို့ သွားပါပြီ။ လူမမာဆီသို့ ရောက်တယ်ဆိုရင်ပဲ ကြိုတင်စီစဉ်ထားသည့်အတိုင်း စ ပါတော့သည်။
သူငယ်ချငိး ဘယ့်နှယ့်လဲ သက်သာလား နေသာထိုင်သာ ရှိရဲ့လားလို့ စ မေးတော့တာပဲ၊
ဒီတော့ လူမမာဖြစ်သူ ပြန်ဖြေပုံက သူထင်ထားသလိုမဟုတ်ပဲ ဆန့်ကျင်ဘက် အဖြေဖြစ်နေပါတယ်၊ လူမမာ ဖြေလိုက်ပုံက သူငယ်ချင်းရေ……ငါကတော့ ဒီတောင်ကနေ ကျော်နိုင်မယ် မထင်တော့ဘူးကွာ. သေရတော့မယ်နဲ့ တူပါတယ် လို့ ပြောတာကို
ကိုရွှေလေးခမျာ မကြားရပါပေ…။ သူမျှော်မှန်းထားတဲ့ သက်သာတယ်ဆိုတဲ့ အဖြေစကားထင်လို့ ပြောလိုက်ပုံက…. အေးကွာ ဒါကောင်းတဲ့ လက္ခဏာပဲ ငါဒီအဖြေကို ကြားချင်နေတာကွ၊ လို့ပြောလိုက်တယ်ဆိုရင်ပဲ လူမမာ ခမျာ……….. ဒေါသတွေဖြစ်ပြီး အသားတွေတစ်ဆတ်ဆတ်တုန်လာတော့တာပါပဲ။
ဒါနဲ့ နောက် မေးခွန်းတစ်ခု ဆက်မေးပြန်တယ်။ ဒါနဲ့ နေပါဦးကွ ။ မင်း အခု ဘယ်ဆရာနဲ့ ကုသ နေသလဲ။
လူမမာက ဒေါသထွက်ပြီး အရွဲ့တိုက် ပြောလိုက်ပုံက သေမင်းနဲ့ဟေ…. သေမင်းးးးနဲ့………။
ကိုရွှေလေး သည် လူမမာပြောတာကို မကြားရပါ၊ အကောင်းဆုံး ပါရဂူကြီးတွေ သမားတော်ကြီးတွေနဲ့ ကုသပါတယ် လို့ ပြောတယ်ထင်လို့ ပြောလိုက်ပုံကတော့…
အေး….. ကောင်းတယ် ကောင်းတယ် ဒီဆရာမျိုးက မင်းအတွက် အကောင်းဆုံးဆရာပေါ့ကွာ လို့ အဖြေစကားလည်းကြားရော လူမမာခမျာ ပိုပြီး ဒေါသထွက်သွားတယ်၊ အသားတွေလည်းတဆတ်ဆတ်တုန်လာပြီ၊
အသံတွေလည်း တုန်လာပြီ..။
ဆက်ပြီး ကျန်တဲ့ မေးခွန်းတခုကို မေးပြန်တယ်။
အော် … ဒါနဲ့ ….. မင်း…. အခု.. ဘာဆေးတွေ သောက်နေလဲ…..
ဒီတော့ လူမမာကလည်း စိတ်တိုတိုနဲ့ သေဆေးတွေသောက်နေတာဟေ့……….။ သေဆေးတွေသောက်နေတာ……….။
အေး… ကောင်းတယ်။ ဒီဆေးဟာ မင်းအတွက် မရှိမဖြစ်ဆေးပေါ့၊ ဒီဆေးသောက်ပြီးရင် မင်းလိုအင်ဆန္ဒတွေ အကုန်ပြည့်သွားလိမ့်မယ်…ဟု ခွန်းတုံ့ပြန်လိုက်တယ် ဆိုရင်ပဲ။
လူမမာ ခမျာ……
အိပ်ယာထဲမှာပဲ …….
ဂစ်……..
ဂစ်…..
ဂစ်……
………….
ဆက်လက် ရှာဖွေတင်ပြပါဦးမည်။
ဧပရယ်စံ