လူတိုင်းအောင်မြင်မှုရချင်ကြတယ်။ ဆရာဝန်က အောင်မြင်တဲ့ဆရာဝန် ဖြစ်ချင်တယ်။
ဆင်ခြေဖုံးက ဆေးခန်းလေထဲမှာ လူနာမျှော်ရင်းဝတ္တု စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ်ထိုင်ဖတ်နေရတဲ့ ဆရာဝန်မျိုးမဖြစ်ချင် ဘူး။
မုန့်ဟင်းခါးရောင်းတဲ့သူကလည်း ရပ်ကွက်တကာလှည့်ပြီး အထမ်းနဲ့သယ်ပြီးရောင်းတဲ့ အသည်မဖြစ်ချင် ဘူး။
မိုးလင်းတာနဲ့မော်တော်ကားတွေ တသီကြီးတန်းစီလာစားကြတဲ့ ဆိုင်ကြီးနဲ့ရောင်းတဲ့ မုန့်ဟင်းခါးသည် ဖြစ်ချင်တယ်။
ချမ်းသာချင်တာအပြစ်မဟုတ်
ဒါ လူ့သဘာဝမို့ အပြစ်တင်စရာ မဟုတ်ဘူး။ အောင်မြင်မှုမလိုချင်ဘူးဆိုတာ အလကားပြောတာ။
ပုထုဇဉ် မှန်သမျှ ကိုယ့်နေရာမှာတော့ အအောင်မြင်ဆုံးဖြစ်ချင်ကြသူချည့်ပဲ။ ဒါကြောင့် အောင်မြင်မှုရဖို့အတွက် အရူးအမူး ကြိုးစားနေသူတွေကို အပြစ်မပြောထိုက်ဘူး။
အောင်မြင်မှုရအောင် ဘယ်နည်းဘယ်ပုံ လုပ်သလဲဆို တာကိုပဲ ကြည့်သင့်တယ်။
အောင်မြင်မှုအတွက် ဘယ်သူသေသေ ငတေမောပြီးရောဆိုတဲ့ မသမာမှုမျိုးစုံ လုပ်သူဟုတ်၊ မဟုတ်ဆိုတာပဲ ကြည့်ပြီးဆုံးဖြတ်သင့်တယ်။
ချမ်းသာချင်လို့ အမြတ်ရအောင် လုပ်တိုင်းခေါင်းပုံ ဖြတ်သမား၊ လူမသမာလို့ ပြောလို့မရဘူး။
စီးပွားရေးလုပ်တယ်ဆိုတာ အလှူဒါနပြုလုပ်တာမဟုတ်ဘူး။ ကောင်းရာသုဂတိလားဖို့ လုပ်တာမဟုတ်ဘူး။ အမြတ်ရချင်လို့လုပ်တာ။
ဒါကြောင့်အမြတ်ရအောင်လုပ်တာ သဘာဝကျတယ်။ ချမ်းသာချင်တာဟာလည်း အပြစ်မဟုတ်ဘူး။
မတရား ချမ်းသာတာမဟုတ်ဘူး
ချမ်းသာအောင်လုပ်ပါ။ ချမ်းသာလို့သိန်းထောင်ကျော်တန် ကားကြီးတွေကိုးစီး၊ ဆယ်စီးထားပြီး ခြံကျယ်ကျယ်၊ တိုက်ကြီးနဲ့နေနိုင်တာ ကောင်းပါတယ်။
သူများကို အနိုင်ကျင့်ပြီး မတရားချမ်းသာတာ မဟုတ်ရင် လိပ်ပြာမလုံစရာ မရှိပါဘူး။ ပျော်ပျော်ကြီးချမ်းသာပါ။
ရှေးကလူပြက်တွေပြောသလို (နည်းနည်းရိုင်းတာတော့ ခွင့်လွှတ်ကြပါ၊ ရှေးကပြက်လုံးကို သိစေချင်လို့ပါ) “ယောင်းမကို စိန်စီ၊ ဒယ်အိုးကို ရွှေချပြီး၊ ခွေးချေး ကြော်စား” ဆိုသလို လုပ်လည်းရပါတယ်။
“ငတေ”နည်းနဲ့ ချမ်းသာတာမဟုတ်ရင် ပြီးတာပါပဲ။
အောင်မြင်မှု အမျိုးမျိုး
အောင်မြင်မှုဆိုတဲ့ စကားကလည်း အဓိပ္ပါယ်ထွေးပြားတယ်။ ကိုယ်လိုချင်သလို ဆွဲပြီးအဓိပ္ပါယ်ဖွင့်လေ့ ရှိကြ တယ်။
တချို့က Success ကိုပဲ အောင်မြင်မှုလို့ ထင်တယ်။
အောင်မြင်တဲ့ဆရာဝန်ဆိုရင် Successful Surgeon “အောင်မြင်တဲ့ စီးပွားရေးသမား” Successful Businessman လို့ ယူဆကြတယ်။ တချို့က တစ်မျိုးမျိုးနဲ့ လူအသိ အမှတ်ပြုခံရတာ “acknowledgement” ကိုအောင်မြင်မှုလို့ မှတ်ယူကြတယ်။
တချို့က အောင်မြင်ကျော်ကြားတာ Welknown ကို အောင်မြင်မှုလို့ သဘောထားကြတယ်။
တချို့ကျတော့ စွမ်းဆောင် မှုတစ်ခုခု ထူးထူးခြားခြား ပြုနိုင်တာ Acheivement ကိုမှ အောင်မြင်မှုလို့ သတ်မှတ်ကြတယ်။
အကြိုက်တစ်မျိုးစီ
လူတစ်ကိုယ် အကြိုက်တစ်မျိုးမို့ ကြိုက်သလိုအဓိပ္ပါယ်ဖွင့်ပြီး နှစ်သက်သလို ကျင့်သုံးလက်ခံနိုင်ပါ တယ်။
ဘယ်လိုအောင်မြင်မှုမျိုးဖြစ်ဖြစ် စောစောကပြောခဲ့သလို “ငတေ” နည်းနဲ့ ရတဲ့အောင်မြင်မှုမျိုးမဖြစ်ရင် ဘာမှ ပြောစရာမရှိပါဘူး။
အောင်မြင်တဲ့ဆရာဝန်ကြီးတစ်ယောက်ဖြစ်လို့ ပိုက်ဆံ နင့်ခနဲနေအောင် ယူနေလည်း ဆရာဝန်ကျင့်ဝတ်နဲ့အညီ ပြုမူနေထိုင်သမျှ ကာလပတ်လုံး အပြစ်ပြောစရာ မရှိပါဘူး။
ထင်ပေါ်ကျော်ကြားတဲ့ မင်းသမီးတစ်ယောက်ဖြစ်လို့ သူ့ငွေသူကြိုက်သလို သုံးဖြုံးနေတာလည်း အဖြစ်တင်စရာ မဟုတ်ဘူး။
ဒါပေမယ့် မြန်မာအမျိုးသမီးတစ်ဦးအနေနဲ့ စောင့်ထိန်းအပ်တဲ့ ဟီရိသြတပ္ပ တရားများကို ပစ်စလက်ခတ် သဘောထားပြီး ထင်ရာစိုင်း နေရင်တော့ အများ တံတွေးကွက်မှာ ပက်လက်မျောသွားတဲ့အထိ ကဲ့ရဲ့ရှုတ်ချခံရမှာ သေချာတယ်။
ကဲ့ရဲ့ရှုတ်ချသူတွေကို အပြစ်တင်လို့မရပါဘူး။ ဒါက မြန်မာပြည်ဟောလိဝုဒ်မဟုတ်ဘူး။
ပညာမတတ်လည်း ရတယ်
ကျောင်းဆရာလုပ်ခဲ့သူတစ်ယောက်အနေနဲ့တော့ လူငယ်တွေကို စွမ်းဆောင်မှုတစ်ခုခုပြုလုပ်ရတဲ့ achievement အောင်မြင်မှုမျိုးကို ပိုပြီး တန်ဖိုးထားကြ စေချင်တယ်။
အောင်မြင်တဲ့ဆရာဝန်၊ အောင်မြင်တဲ့ အင်ဂျင်နီယာ၊ အောင်မြင်တဲ့ စီးပွားရေးသမားဆိုတာ လူတိုင်းဖြစ်နိုင်တာမဟုတ်ဘူး။
အကြောင်းမျိုးစုံနဲ့ ညီညွှတ် မှဖြစ်နိုင်တာ။
အဆင့်မြင့်ပညာတွေ မသင်နိုင်လို့၊ ပိုက်ဆံမရှိလို့ဆိုပြီး အားငယ်နေဖို့မလိုပါဘူး။
achievement ဆိုတာပညာမတတ်လည်း ရနိုင်တယ်လို့ ယုံစေချင်တယ်။
လင်ကွန်းနဲ့ အယ်ဒီဆင်
အမေရိကန်သမ္မတကြီး လင်ကွန်းတို့၊ လျှပ်စစ်မီးလုံးစတင်တီထွင်သူ အယ်ဒီဆင်တို့ တတွေဟာ ကျောင်းတောင် ကောင်းကောင်း မနေခဲ့ကြရဘူး။
ဇွဲ၊ လုံ့လ ၀ီရိယနဲ့ ကြိုးပမ်းလို့သာ အောင်မြင်မှုရခဲ့ကြတာပါ။
လင်ကွန်းဆိုရင် စာအုပ်တစ်အုပ်ငှားဖတ်ရဖို့အတွက် တစ်နေ့လုံးလမ်းလျှောက်သွားရတဲ့ အကွာအဝေးကို မညည်းမညူ သွားခဲ့ရတယ်။
အယ်ဒီဆင်ဆိုလည်း ကလေးဘ၀က မီးရထားပေါ်မှာဆေးလိပ်၊ မီးခြစ်ရောင်းတဲ့ ဗန်းကလေးလွယ်ပြီး ရောင်းရင်းနဲ့ စာတွေဖတ်ခဲ့၊ ဓာတ်ခွဲစမ်းသပ်မှုတွေလုပ်ခဲ့ တာဖြစ်တယ်။
ဝါသနာပါတဲ့ အလုပ်တစ်ခုကို စွဲစွဲမြဲမြဲဇွဲနပဲကြီးကြီးနဲ့ လုပ်ရင်းနဲ့ နောက်ဆုံးမှာ အောင်မြင်မှုရခဲ့တာဖြစ်တယ်။
မောင့်ကျက်သရေခေါင်းပေါင်း
ရှေးက စကော့ဈေး (ဗိုလ်ချုပ်ဈေး) အနောက်ဘက်တန်းမှာ“မောင့်ကျက်သရေ” ဆိုတဲ့ ခေါင်းပေါင်းတွေ ရောင်းတဲ့ဆိုင်ကြီး တစ်ဆိုင်ရှိတယ်။
ခုခေတ်ထိသုံးနေကြရတဲ့ ခြင်းခံပြီးခေါင်းမှာ အသင့်စွပ်လျလိုက်ရတဲ့ ခေါင်းပေါင်းကို စတင်တီထွင်ပြီး ရောင်းချခဲ့တာပါ။
အဲဒီမတိုင်ခင်က ကိုယ်တိုင်ခေါင်းပေါင်းပေါင်းကြတယ်။ ဆံရှည်ခေတ်က ပြဿနာမရှိပေမယ့် ဘိုကေခေတ်ရောက်တော့ ခေါင်းပေါင်းပေါင်းရတာ လက်ဝင်လှပါတယ်။
အဲဒီခေတ်က ကောလိပ်ကျောင်းတက်တာတောင် ခေါင်းပေါင်းနဲ့ တက်ကြတာဆိုတော့ ယောက်ျားတိုင်း မရှိမဖြစ် ရှိထားကြရတယ်။
“မောင့်ကျက်သရေ”ခေါင်းပေါင်းပေါ်လာတော့ ယောက်ျားတိုင်း လက်သုံးဖြစ်သွားခဲ့ ရတယ်။ နေ့ချင်းညချင်းအောင်မြင် ကျော်ကြားသွားခဲ့တယ်။
ဓနုဖြူဦးဘိုးချမ်း
အောင်မြင်ကျော်ကြားမှု အရှိန်အဟုန်ဘယ်လောက်ထိ ကြီးမားသလဲဆိုရင် ဒီနေ့ခေတ်ထိတောင် ခေါင်းပေါင်းကို “မောင့်ကျက်သရေခေါင်းပေါင်း” လို့ ခေါ် နေကြဆဲဖြစ်တယ်။
ရှေးခေတ်တစ်ခေတ်က အမျိုးသမီး တွေကြားမှာ “ဓနုဖြူဦးဘိုချမ်း” ဆိုတဲ့ နာမည်နဲ့ ရောင်းတဲ့ ရွှေရည်စိမ်ဆွဲကြိုး၊ လက်ကောက် နဲ့ လက်ဝတ်လက် စားတွေ ခေတ်တော်တော်စားခဲ့တယ်။
တစ်နိုင်ငံလုံးအနှံ့ကို တွင်ကျယ်ခဲ့တယ်။ ဘယ်လောက်ထိများ တွင်ကျယ်ခဲ့သလဲဆိုရင် တစ်ခုခုကို အတုတွေပဲ၊
အစစ်မဟုတ်ဘူးလို့ ပြောချင်ရင် “ဦးဘိုချမ်း” ပဲ “ဓနုဖြူ” ပဲလို့ ပြောကြတဲ့အထိတောင် ဖြစ်တယ်။ ဒါတွေဟာ achievement တစ်မျိုးပဲ။
ဒါကြောင့် ပိုက်ဆံမရှိလို့၊ ပညာမသင် နိုင်လို့ ဆိုပြီး စိတ်ပျက်အားလျော့ မဖြစ်စေချင်ဘူး။
ဇွဲ၊ လုံ့လ၊ ၀ီရိယနဲ့ စူးစူးစိုက်စိုက်ကြိုးစား အားထုတ်ရင် တခု၊ တစ်ကောင်၊ တစ်ယောက် ဖြစ်နိုင်တယ်လို့ ပြောလိုက်ချင်ပါတယ်။
လူထုစိန်ဝင်း
စောင့်ကြည့်ဂျာနယ် အတွဲ-၆ အမှတ်-၂၇
Feb,3, 2011
--------------------------
မှတ်ချက်။ ။ ဖတ်မိတဲ့အတိုင်း ပြန်တင်ပေးခြင်းသာဖြစ်ပါသည်။