ဒိဋ္ဌိဂတ
ဒိဋ္ဌိပုဒ်၏အနက်ကို စေတသိက်ပိုင်းကျမှ ဖွင့်ပြအံ့၊ ဂတသဒ္ဒါကား အနက်သီးခြားမရှိ, ဒိဋ္ဌိသဒ္ဒါ၏ အနက်ကိုပင် တွဲဖက်ဟောသော တဗ္ဘာဝသဒ္ဒါတည်း၊ ဤ တဗ္ဘာဝ အဓိပ္ပာယ်ကို ဆိုင်ရာသဒ္ဒါကျမ်း၌ရှုပါ။
“ဒိဋ္ဌိယေဝ ဒိဋ္ဌိဂတံ” ဟု တဗ္ဘာဝဝုတ္တိကမ္မဓာရည်း ဝိဂြိုဟ်ပြု၊
ဒိဋ္ဌိယေဝ=မိစ္ဆာအယူသည်ပင်၊
ဒိဋ္ဌိဂတံ= ဒိဋ္ဌိဂတ မည်၏။
သမ္ပယုတ္တံ
သမ္ပယုတ္တံ၌ သံဟူသော ဥပသာရပုဒ်သည် အညီအမျှ (သမ) ဟူသောအနက်ကို ဟော၏။ ပ= ဥပသာရပုဒ်ကား “အပြား” ဟူသော (ပကာရ) အနက်ကို ဟော၏။ “အပြား” ဟူသည် ဧကုပ္ပာဒတာစသောအားဖြင့်ပြားသော သမ္ပယောဂ လက္ခဏာလေးပါးပင်တည်း။ ထို့ကြောင့် ဋီကာတို့၌
“သမံ= အညီအမျှ၊
ဧကုပ္ပာဒတာဒိပ္ပကာရေဟိ= ဧကုပ္ပာဒတာ အစရှိသောအပြားတို့ဖြင့်၊
ယုတ္တံ= ယှဉ်သောစိတ်တည်း” ဟု ဖွင့်ကြသည်။
ဒိဋ္ဌိဂတေန+သမ္ပယုတ္တံ ဒိဋ္ဌိဂတသမ္ပယုတ္တံ။
[သံ၏ အတွက် သမဟူသောအနက်၏ အဓိပ္ပာယ်ကို သမ္ပယုတ္တပစ္စည်း၌ ပြထား၏]
ဒိဋ္ဌိဂတဝိပ္ပယုတ္တံ
ဤပုဒ်၌ ဝိသဒ္ဒါသည် ပဋိသေဓ (တားမြစ်ခြင်း) အနက်ရှိ၏။ နသဒ္ဒါနှင့်တူဟု ဆိုလိုသည်။ ပသည် အပြားဟူသောပကာရ အနက်ဟောတည်း၊ ထို့ကြောင့် န+ပယုတ္တံ ဝိပ္ပယုတ္တံ၊ ပ+ယုတ္တံ= ဧကုပ္ပာဒတာ အစရှိသော အပြားတို့ဖြင့်+ယှဉ်သောစိတ်သည်။
န=မဟုတ်၊
ဝိပ္ပယုတ္တံ= အပြားတို့နှင့် ယှဉ်သောစိတ်မဟုတ်,“မယှဉ်သောစိတ်” ဟူလို၊ ဒိဋ္ဌိဂတေန+ဝိပ္ပယုတ္တံ ဒိဋ္ဌိဂတ ဝိပ္ပယုတ္တံ။
သင်္ခါရ
အသင်္ခါရိက သသင်္ခါရိက၌ ရှေးဦးစွာ သင်္ခါရကို နားလည်သင့်၏။
သင်္ခရောတိ= ပြုစီမံတတ်၏၊
ဣတိ= ထို့ကြောင့်၊
သင်္ခါရော= သင်္ခါရမည်၏။
ဤသင်္ခါရကို အဋ္ဌကထာတို့၌ “ပယောဂ, ဥပါယ” ဟု ဖွင့်၏။ “ပယောဂ” ဟူသည် မိမိ၏ စိတ်ကိုထက်မြက်အောင် မိမိကိုယ်တိုင် ပြုပြင်မှုဟူသော ကာယပယောဂ ဝစီပယောဂတည်း။ ဥပါယသဒ္ဒါသည် အကြောင်းဟူသောအနက်ကိုဟော၏။ “စိတ်ဖြစ်ခြင်း၏ထိုထိုအကြောင်း” ဟူလို၊ ဤ ဥပါယကား ထိုထိုကိစ္စကို မပြုခြင်းကြောင့် ရရှိမည့်အကျိုးအပြစ်ကို ဆင်ခြင်မှုဟူသော မိမိ၏ မနောမယောဂနှင့် ဆရာမိဘ စသူတို့က ကိုယ်နှုတ်တို့ဖြင့် တိုက်တွန်းမှုဟူသော ကာယပယောဂ ဝစီပယောဂတည်း၊ ထို့ကြောင့် မိမိ၏ ကာယပယောဂ ဝစီပယောဂ မနောပယောဂနှင့် သူတစ်ပါး၏ ကာယပယောဂ ဝစီပယောဂများကို ဤအရာ၌ “သင်္ခါရ” ခေါ်သည်ဟု မှတ်ပါ။ ချဲ့ဦးအံ့။






_Battalion-Royal_Canadian_Regiment_of_Infantry.jpg)



