ဧရာဝတီယူနိုက်တက် ဘောလုံး အသင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တွင် ခုတင် ၁၀၀ ဆံ့ ဆေးရုံသစ် တည်ဆောက် မည်ဖြစ်ပြီး အဆိုပါ ဆေးရုံအတွက် ကျပ်ငါးဘီလျံ ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားကြောင်း သိရသည်။
"အခုဆေးရုံသစ်အတွက် ကျပ်ငါး ဘီလျံ (ကျပ်သိန်း ၅၀,၀၀၀) ရင်းနှီး မြှုပ်နှံဖို့ ရည်ရွယ်ထားပါတယ်။ ဆောက် လုပ်ချိန် ၁၈ လခန့် ကြာမြင့်မှာဖြစ်ပြီး ၂၀၁၃ ခုနှစ် မိုးဦးကျလောက်မှာ ပြီးစီး ဖို့ မှန်းထားပါတယ်"ဟု ဧရာဝတီ ယူနိုက်တက်၏ နာယက ဦးစိုးဟန်လင်း က ယခုလ ၁၂ ရက်နေ့က ပုသိမ်မြို့တွင် ကျင်းပပြုလုပ်သည့် ပန္နက်တင် မင်္ဂလာ အခမ်းအနားတွင် ပြောသည်။
"ပထမဆုံးအနေနဲ့ ဆေးရုံနဲ့ လူနေ ဆိုင်ခန်း (shop house) တွေ ဆောက် လုပ်မှာဖြစ်ပါတယ်။ ခုတင် ၁၀၀ ဆံ့ အထူးကုဆေးရုံဖြစ်ပြီး ကျွန်တော်တို့ ဧရာဝတီတိုင်းသားတွေ အဆင့်မြင့်မြင့် ကောင်းကောင်းမွန်မွန် ဆေးကုသနိုင်ဖို့၊ တစ်ခုခုဆိုရင် ရန်ကုန်က ဆေးခန်းကြီး တွေဆီ မသွားနိုင်ခင်မှာ အရင်တက် ရောက် ကုသနိုင်စေဖို့ ရည်ရွယ်ပါတယ်"ဟု အသင်း၏ဥက္ကဋ္ဌ ဦးရန်ဝင်းကပြောသည်။
ဆေးရုံဆောက်လုပ်မည့် မြေကွက်မှာ ပုသိမ်မြို့၊ အမှတ် (၅) ရပ်ကွက် ဘူတာရုံလမ်းတွင် တည်ရှိပြီး ၃၃ ဒသမ ၀၉၈ ဧက ကျယ်ဝန်း ကြောင်း သိရသည်။
ဆေးရုံဆောက်လုပ်ရန်အတွက် ယင်း မြေကွက်၏ ၅ ဒသမ ၆ ဧကကို သုံးစွဲ ရန် လျာထားကြောင်း သိရသည်။
"ဆေးရုံက စတုရန်းပေ ၅၀,၀၀၀ ကျယ်ဝန်းပါမယ်။ သုံးထပ်ဆောက်လုပ် မှာ ဖြစ်ပြီး ဓာတ်လှေကား နှစ်စင်းပါ မယ်။ စမ်းသပ် ကိရိယာတွေရော၊ လူနာစမ်းသပ်ဖို့တွေပါ တတ်နိုင်သလောက် စုံစုံလင်လင် ထည့်သွင်းထားပါတယ်"ဟု ဦးရန်ဝင်းက ပြောသည်။
ဆေးရုံတွင် ပြင်ပလူနာ စမ်းသပ်ခန်း ကိုးခန်း၊ အရေးပေါ်ဌာနတစ်ခု၊ ခွဲစိတ်ခန်း သုံးခန်း၊ သားဖွားခန်း နှစ်ခန်း၊ CT scan 32 slice ၊ အာလ်ထရာဆောင်း တစ်ခန်း၊ ဓာတ်ခွဲခန်းနှင့် ဓာတ်မှန်ခန်း တစ်ခန်းစီတို့အပြင် နှလုံးခံနိုင်ရည် စမ်းသပ်စက်၊ ကျောက်ကပ်ဆေးစက်၊ အရေးပေါ် အသက်ကယ် နှလုံးနှိုးစက်၊ သန္ဓေသား နှလုံးစမ်းသပ်စက် အစရှိ သည့် စက်ကိရိယာပစ္စည်းများ စုံစုံ လင်လင် ထည့်သွင်း ထားမည်ဖြစ်ကြောင်း သိရသည်။
"ကျောက်ကပ် ဝေဒနာက အတော် ခံစားရခက်တာမို့ လူနာတစ်ယောက် ကုသနေချိန် တခြားလူနာတစ်ယောက် စောင့်နေရတာမျိုး မဖြစ်ရအောင် ကျောက်ကပ်ဆေးစက်ကို သုံးလုံး ထည့်သွင်းမှာဖြစ်ပါတယ်။ နောက် ရန်ကုန်ထိ မသွားနိုင်ခင်မှာ အရေးပေါ် အခြေ အနေတွေအတွက် အဆင်ပြေအောင် အရေးပေါ် အသက်ကယ် နှလုံး နှိုးစက်၊ ခွဲစိတ်ပြီးစ လူနာတွေကို တခြား လူနာနဲ့ ရောထားရင် ပိုးဝင်မှာစိုးလို့ ခွဲစိတ်ပြီးစ လူနာစောင့်ရှောက်ခန်း သပ်သပ်ထည့်သွင်းပါမယ်" ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
တစ်ခန်းလျှင် စတုရန်းပေ ၉၀၀(၁၈ ပေ x ၅၀ ပေ)ရှိ သုံးထပ် လူနေ ဆိုင်ခန်းများကိုပါ တစ်ပါတည်း ဆောက်လုပ်မည်ဖြစ်ပြီး ကျန်ရှိ နေသည့် မြေနေရာများတွင် ဧည့်ရိပ်သာ၊ ဧရာဝတီ ဘဏ်နှင့် မြန်မာ့ရှေ့ဆောင်ဘဏ် စသည့် အဆောက်အအုံများကိုပါ ဆက် လက် ဆောက်လုပ်သွားမည်ဖြစ်သည်။
"နယ်က လာရောက်ကုသတဲ့ လူတွေ အဆင်ပြေစေဖို့ ဧည့်ရိပ်သာနဲ့ ငွေပို့ ငွေလွှဲအဆင်ပြေစေဖို့ ပုဂ္ဂလိက ဘဏ်နှစ်ခုကိုလည်း ဆောက်လုပ်ပါမယ်။ လူနေဆိုင်ခန်းတွေကတော့ စီမံကိန်းကာလ ရှစ်လသာ လျာထား ပါတယ်။ သက်သောင့်သက်သာနဲ့ ရောင်းချ ပေးသွားမှာဖြစ်ပါတယ်"ဟု ဦးရန်ဝင်းက ပြောသည်။
"အနာဂတ်အစီအစဉ်အနေနဲ့တော့ shopping mall တစ်ခုလုပ်ဖို့ပါ အစီ အစဉ်ရှိပါတယ်။ အဲဒါကတော့ အကုန် စီစဉ်ပြီးမှ ထပ်မံ အသိပေးပါမယ်" ဟု ၎င်းက ဆက်လက်ပြောသည်။ ဧရာဝတီယူနိုက်တက်မှ ဆောက်လုပ်မည့် အဆိုပါ ခုတင် ၁၀၀ ဆံ့ အထူးကု ဆေးရုံသည် ဧရာဝတီတိုင်းဒေသကြီးနှင့် ပုသိမ်မြို့တွင် ပထမဆုံး ပုဂ္ဂလိက အထူးကု ဆေးရုံ ဖြစ်လာမည်ဖြစ်သည်။