ဇာတ်လမ်း (၁) ထိုအချိန်ကား မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှုများဖွင့်လိုက်သဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများစွာဝင်ရောက်လာချိန်။ သို့သော် အခြေခံမှသည် ပညာတတ်များတိုင်အောင် ယောက်ျားအများစုမှာ နိုင်ငံရပ်ခြားတွင် သွားရောက်အလုပ်လုပ်နေကြချိန်ဖြစ်သည်။ သို့ဖြစ်၍ အလုပ်အကိုင်အများစုမှာ နိုင်ငံတွင်ကျန်ရစ်သော မိန်းမသားများသာ ရကုန်ကြသည်။ ယခင်ကတည်းက အတွင်းရေးမှူး၊ စာရင်းကိုင် စသည့် နေရာများမှာ မိန်းမများက လက်ဝါးကြီးအုပ်ထားသော ရာထူးများဖြစ်ကြသည်။ မထသ မှ စတင် တီထွင်လိုက်သော အမျိုးသမီးယာဉ်မောင်းရာထူးများမှာ စတင်ကျင့်သုံးချိန်မှာစ၍ ယာဉ်မတော်တဆဖြစ်မှုများ သိသာစွာကျဆင်းခဲ့ရာ နောက်ပိုင်းတွင် လိုင်းကားများ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ရာထူးများကို အမျိုးသမီးများ သီးသန့် ဟုတရားဝင်သတ်မှတ်လာကြသည်။ သို့နှင့် မျိုးဆက် တစ်ဆက်မျှကြာသောအခါ.... "ဟဲ့... သား။ ဒီအချိန်ကြီး ဘယ်ကိုသွားတာတုန်း" "လမ်းထိပ်မှာ ခွေသွားငှားတာ" "လမ်းထိပ်သွားမယ်ဆိုလဲ အိမ်ကခိုင်းတဲ့ကောင်လေးကို အဖော်ခေါ်သွားပေါ့။ ဘာလို့တစ်ယောက်တည်းသွားရတာလဲ။ နောက်ပိုင်း ၆ နာရီခွဲဆိုတာမှောင်နေပြီ။" "ဟာ.. အမေကလဲ ဘာမှမဖြစ်ပါဘူး။" "အေး.. ဘာမှမဖြစ်ရင် ဘာမှ မဖြစ်ဘူးပေါ့။ အခုခေတ်က ယောက်ျားလေးဆိုတာ အနေအထိုင်ဆင်ခြင်နိုင်မှ တော်ကာကျတာ။ လမ်းထိပ်က ဒေါ်လှတို့ တိုက်မှာ သူ့သမီးမပင့် သင်္ဘောလိုက်တာ ခဏပြန်ရောက်နေပြီ။ အဲဒါသိလား.." "အဲဒါ ကျနော်က ဘာလုပ်ရမှာလဲ" "နင်သိအောင် ပြောထားရဦးမယ်။ ဒေါ်လှနဲ့ ငါနဲ့က လူကြီးချင်း ပြောထားပြီးသွားပြီ။ သူ့က သူ့သမီးသဘောကျရင် ကန့်ကွက်စရာမရှိပါဘူးတဲ့။ နောက်ရက်နင့်ကိုသူ နေ့လည်စာစားဖို့ လာခေါ်လိမ့်မယ်။ အခု နင်အခုဒီလို ညဘက်ထွက်တာ တွေ့ရင် သူ့စိတ်ထဲ ဘယ်လိုထင်မလဲ။" "သူ့ဘာသာသူ ဘယ်လိုထင်ထင်ပေါ့ဗျာ။ နောက်ပြီး သူက ကျနော့်ထက် အသက်ကြီးတယ် မဟုတ်လား။ ကျနော်တော့မကြိုက်ပေါင်" "အံမယ်လေး.. နင်ကပဲ ပြောရတယ်ရှိသေး။ နင်မကြိုက်ရင် ဟိုကကြိုက်တဲ့ ယောက်ျားလေးကိုခေါင်းခေါက်ယူလို့ရတယ်။ သူက သင်္ဘောမှာ လက်ထောက်ကပ္ပတိန်ဟဲ့ သိရဲ့လား။ နောက်ပြီးအသက်က (၅) နှစ်လောက်ပဲကွာတာကို။ ငါနဲ့ နင့်အဖေလဲ ဒီလောက်ပဲကွာတာပဲ။ နင့်အချိုးတွေငါသိတယ်နော်။ နင် ဟိုဘက်တစ်လမ်းကျော်က ရုံးစာရေးမလေးနဲ့ ဘာဘာညာညာ အသံတွေကြားတယ်နော်" "အမေ့ကိုဘယ်သူပြောလဲ" "အိုး။ မိဘပဲ.. ကိုယ့်သားသမီးအကြောင်းစုံစမ်းရတာပေါ့။ တစ်ခါတည်းပြောထားမယ်နော်။ မိဘမျက်နှာပျက်အောင် လုပ်လို့ကတော့ ငါ့အိမ်ရိပ်ကို တစ်သက်လုံးနင်းဖို့ မစဉ်းစားနဲ့။ ငါ့မျက်နှာကိုလည်း တွေ့ရမယ်မထင်နဲ့။" "အမေ တို့နဲ့တော့ စိတ်ညစ်ပါတယ်ဗျာ..." နောက်ရက် မပင့်တစ်ယောက် သူ့ကိုလာခေါ်သည်။ ယခင်က တစ်ခါမှ မတွေ့ဖူးခဲ့။ မိမိထက် အသက်(၅) နှစ်ခန့် ကြီးသည်ဟုသာ သိသော်လည်း လက်တွေ့တွင်တော့ လွန်စွာနုပျိုလှသည်။ နေ့လည်စာ စားရင်း အစားအသောက်များအကြောင်း ပြောမိကြရာ မိမိက ဘယ်ဟင်းကို ဘယ်လိုချက်ကြောင်း ကြွားလိုက်ရသေးသည်။ ဒါကြောင့် ငယ်ငယ်က အမေပြောဖူးတာ သတိရသည်။ "ဟဲ့.. ယောက်ျားလေးဆိုတာ အိမ်မှုကိစ္စနိုင်နင်းမှ မိန်းကလေးတွေက အထင်ကြီးတာ။ သူတို့က အလုပ်သွားနေချိန် ကိုယ်က အိမ်မှာပြင်ဆင်စရာရှိတာတွေပြင်ဆင်ထား။ အော်.. ညနေအလုပ်က ပြန်လာရင် ဖွယ်ဖွယ်ရာရာ ညစာလေးနဲ့ ချက်ပြုတ်ကျွေးမွေး။ ဒါမှလဲ သူတို့ သဘောကျမှာပေါ့..." စားသောက်ပြီးနောက် ဈေးဝယ်ထွက်ရာ မပင့်က အဝတ်အစားတွေ အများကြီး ဝယ်ပေးသေးသည်။ ဒီလိုနဲ့ အိမ်ပြန်ရောက်တော့အမေက "ကဲ... ကိုယ်တော်ချော ဘယ်လိုတုန်း။ အမေရှာပေးတာ မဆိုးဘူးမဟုတ်လား။" "အာ.. အမေကလဲ ရှက်စရာတွေ။ ဘာတွေလာမေးနေလဲ မသိဘူး။" "ဟား... ဟား.. ဒါကြောင့်အမေပြောတာပေါ့။ အမေက ကိုယ့်သားအတွက် အကောင်းဆုံးရှာပေးတာပါဆို။ ဒေါ်လှ ကပြောတယ်။ သူ့သမီးက သဘောကျပါတယ်တဲ့။ အင်း.. ဒါဆိုလဲ ဒီတစ်ခေါက်သင်္ဘောပြန်မတက်ခင် စေ့စပ်ပွဲလေးတော့ လုပ်ထားဦးမှာပါပဲ။ ကဲ.. သား.. ဘယ်လိုလဲ.." "အာ.. အမေတို့ဘာသာ လုပ်ချင်တာလုပ်.." ဟုပြောပြီး မင်းမင်း တစ်ယောက် ရှက်ရှက်နှင့် အိမ်ပေါ်ပြေးတက်သွားတော့သည်။ ဇာတ်လမ်း (၂) ရန်ကုန်မြို့ရှိ စင်တင်စားသောက်ဆိုင် တစ်ဆိုင်တွင်ဖြစ်သည်။ "ဟဲ့... မိရွှေ။ ၁၀ နာရီခွဲနေပြီနော်။ ညည်းယောက်ျားက ဖုန်းလဲမဆက်ပါလား။" "ငါဒီနေ့ ကုန်ပစ္စည်းအသစ်တစ်ခုအတွက် မိတ်ဆက် ညစာစားပွဲရှိလို့ နောက်ကျမယ်လို့ပြောထားတယ်။" "အော်.. ဒါကြောင့်လား။ မဟုတ်ရင် ဒီအချိန်ဆို ဖုန်းတဂွမ်ဂွမ်ဆက်နေပြီ။ ဟား.. ဟား.. မိရွှေမတို့က ပိုင်ချက်ကွာ.." "ဒါနဲ့ အခု စင်ပေါ်က သီချင်းဆိုနေတဲ့ အင်္ကျီအနက်ရောင်နဲ့ ကောင်လေးက မဆိုးဘူးကွ..." "အဲဒီကောင်လေး နာမည်က သီဟလို့ခေါ်တယ်။ ဘာလဲ စိတ်ဝင်စားလို့လား။ မန်နေဂျာကို ပြောလိုက်လေ" "အာ.. အခုတော့ မဖြစ်ဘူးကွ။ ဒီည ငါ အိမ်ပြန်အိပ်မှဖြစ်မှာ..။ ဖုန်းနံပါတ်လေးရရင်မဆိုးဘူး။" "လွယ်ပါတယ်ကွာ..။ ပန်းကုံးစင်ပြတ် လုပ်လိုက်။ ပြီးရင်စကားသွားပြောပြီး ဖုန်းနံပါတ်တောင်းခဲ့ပေါ့..." "အေး.. မင်းပြောတဲ့ အစီအစဉ်မဆိုးဘူးကွ..." ဇာတ်လမ်း (၃) "မောင်ရေ... ခင် အလုပ်သွားတော့မယ်။ ဒီနေ့ စနေဆိုတော့ နေ့တစ်ဝက်ပဲ နေ့လည်စာ အိမ်မှာ ပြန်စားမယ်နော်" "ဟုတ်ပြီ.. ခင်။ သွား မောင်နေ့လည်စာချက်ထားလိုက်မယ်။" "ကဲ.. သားကြီးရေ။ ဈေးသွားရအောင်။ နေ့လည် မေမေ ပြန်လာရင် မိသားစုစားဖို့အတွက် ဟင်းချက်စရာတွေ သွားဝယ်ရအောင်" "အာ.. မေကြီးကလဲ ဈေးထဲမှာ လူရှုပ်က ရှုပ်နဲ့ မလိုက်ချင်ပါဘူး။" "ဟဲ့.. သား။ ယောက်ျားလေးဆိုတာ ဗိုင်းကောင်းကျောက်ဖိ အိမ်မှာနေ.. လူရှုပ်တဲ့နေရာတွေမသွားရဘူးဆိုပေမယ့် အခုက ဟင်းချက်စရာသွားဝယ်မှာလေ။ အခု ဖေဖေလဲပါတာပဲ။ ယောက်ျားလေးဆိုတာ ဝယ်တတ်၊ ခြမ်းတတ်၊ ချုက်ပြုတ်တတ်၊ အိမ်မှုကိစ္စနိုင်နင်းမှ မိန်းမတွေအထင်ကြီးပြီး မိန်းမကောင်းရမှာ.." "အာ.. ဖေကြီးကလဲ.. သားက အရွယ်ရောက်ရင် ကိုယ့်အလုပ် ကိုယ်လုပ်ပြီး လူပျိုကြီးပဲလုပ်မှာ မိန်းမတွေ မမှီခိုချင်ပေါင်။" "အော်.. မိန်းမယူတယ်ဆိုတာ မှီခိုတာတစ်ခုတည်းမဟုတ်ဘူး သားရဲ့။ သားဘယ်လောက်ပဲ တော်တော်၊ ချမ်းသာ ချမ်းသာ လူပျိုကြီး အိမ်ထောင်မရှိတော့ မတင့်တယ်သလို ရပ်ကွက်ကလဲ လေးစားမှာ မဟုတ်ဘူး။ ကဲ.. သားရယ် လိုက်ခဲ့ပါ။ ဈေးရောက်ရင် ဟိုနေ့က သားလိုချင်တယ်ဆိုတဲ့ ဂျင်းဘောင်းဘီ ဖေဖေဝယ်ပေးမယ်လေ..." "ဟေး... ဒါမှ တို့ဖေကြီးကွ..." "ဟေ့ကောင်... ထ.. ထ...။ ဘာလို့ နေ့လည်ခင်းကြီးအိပ်နေတာလဲ။ နေ့လည်ခင်း အိပ်တာ အိမ်မက်ဆိုးကြီး မက်တတ်တယ်တဲ့..." ချွေးသံရွှဲရွှဲနှင့် မောင်မျိုးတစ်ယောက် ထိုင်ခုံပေါ်အိပ်ပျော်နေရာမှ ထလိုက်သည်။ နှုတ်မှလည်း.. "အေး...ကွ.. အိပ်မက်ဆိုးကြီး မက်နေတာ..."
↧