ကျွန်တော်ဟာ ချစ်သူနဲ့ တွေ့ဖို့ ဆိုရင် ချစ်သူ လာရာ လမ်းကို ချစ်သူ မလာသေးလို့ မျှော်ငေးကြိုဆွေး နေရတာမျိုး ချစ်သူနဲ့ တွေ့ပြီးလို့ ချစ်သူပြန်ပြီဆိုရင် ချစ်သူ ပြန်ရာလမ်းကို ကြေကွဲ လွမ်းဆွတ်ပြီး ကျန်မနေခဲ့ချင်ပါ။
ချစ်သူကိုလည်း ကျွန်တော် ဒီနေရာမှာ စောင့်ဆိုင်းနေမယ် ဆိုတာ သူသိလို့ ရှေ့ကို ကြိုတွေး လောနေရမဲ့ အဖြစ်မျိုး ၊ ကျွန်တော် ဒီနေရာမှာကျန်ခဲ့လို့ သူ စိတ်ဖြောင့်ပဲ စိတ်တထင့်ထင့်နဲ့ သွားနေရမဲ့ အဖြစ်မျိုး ၊ ကျွန်တော် မလိုလားပါ။
ဒါကြောင့်....
ကျွန်တော့် ချစ်သူကို ရင်ကွဲအောင် ချစ်နေပါစေ ၊ ကျွန်တော် သူ့အာရုံမှာ အနှောင့်အယှက် ဖြစ်စေမဲ့ ကိစ္စအရာတွေ ကျွန်တော် ရှောင်ရှားပါတယ်။ ဒါကို သူက ကျွန်တော့်ကို ဂရုမစိုက်ဘူး။ သူ့ကို လျစ်လျူရှုတယ်လို့ ပြောလာရင်လည်း ကျွန်တော်ရင်ဖွင့် ပြမှာမဟုတ်ပါ။
ဘာလို့လဲ ဆိုတော့ သူ့စိတ်ထဲမှာ ကျွန်တော့်က ပိုဂရုစိုက်ပြီး ချစ်နေတာကို ပိုခံစားရမှာ စိုးလို့ပါ။ သူ စိတ်ဆိုးတယ် ဆိုရင် ကျွန်တော် ငြိမ်ခံနေမှာ ဖြစ်သလို သူ မချစ်တော့ဘူးဆိုရင်လည်း ကျွန်တော် သူ့ကို နှောင့်ယှက်ပေးမှာ မဟုတ်ပါ။ သူ မုန်းသွားတယ် ၊ ဆိုရင်တောင်မှ သူ မသိအောင် ကျွန်တော် ကွဲကြေ ခံစားမှာပါပဲ။ ဘာလို့လဲ ဆိုတာတော့ ကျွန်တော်လည်း မပြောတတ်ခဲ့ပါ။
ကျွန်တော် ပြောတတ်တာကတော့ ဒါဟာ ကျွန်တော့် ချစ်ခြင်း မို့လို့ပါပဲ။
ကျွန်တော့် သူငယ်ချင်းတွေကတော့ ပြောကြတယ်။ မင်းရဲ့ အချစ်က ရယူပိုင်ဆိုင်တဲ့ အချစ်မဟုတ်ဘူးတဲ့။ တချို့ကတော့ မင်းရဲ့ အချစ်က ပေးဆပ်တဲ့ အချစ်ကွ တဲ့။ သူတို့ ဘယ်လိုပဲပြောပြော ကျွန်တော် ပြုံး နေမှာပါပဲ။ ဘာလို့လဲ ဆိုတော့ ကျွန်တော့် ရင်ထဲမှာ ချစ်သူကို ချစ်နေတယ်ဆိုတဲ့ ချစ်တဲ့ စိတ်လေးက အမြဲ ရှိနေလို့ပါပဲ။
ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော့်ကြောင့် ချစ်သူ အနှောင့်အယှက် ဖြစ်တယ် ဆိုတာမျိုး ကျွန်တော် မဖြစ်စေချင်ပါ။ ကျွန်တော့် အချစ်ကို ဘယ်လိုပဲ သတ်မှတ်သတ်မှတ် ကျွန်တော့်တော့ စိတ်မဆိုးခဲ့ပါ။ ကျွန်တော့်ကတော့ သူ့ကို ချစ်ခြင်းများစွာနဲ့ ပြုံး နေမှာပါပဲ။
ချစ်သူ ကို ကျွန်တော်က ဒီလို ချစ်ချင်တယ်။
** ကမ္ဘာမြေရဲ့ တစ်နေရာက ချစ်သူသို့ . . **
ဒီမွန်