တော်ဝင်မိသားစု ဆောက်လုပ်ရေး ကုမ္ပဏီမှ အလုံလမ်း၊ ပန်းစွယ်တော် စားသောက်ဆိုင်အနီးတွင် ၂၃ ထပ် အမြင့်ရှိသော "Orchid Condo"ကို မကြာမီကာလအတွင်း စတင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
"အခုလောလောဆယ်မှာ မြေရှင်းပြီး Pile ဖောင်ဒေးရှင်း စတင်နေပါပြီ၊ မိုးတွင်း မရောက်ခင် စီမံကိန်းစတင်နိုင်မယ်လို့ထင်ပါတယ်။ ဆောက်လုပ်ချိန်ကတော့ တစ်နှစ်ကျော်လောက် ကြာပါမယ်"ဟု ကုမ္ပဏီဥက္ကဋ္ဌ ဦးကိုကိုထွေး က ပြောကြားသည်။
အထပ်ပေါင်း ၂၃ ထပ်ရှိသည့် အနက် အလွှာပေါင်းသုံးလွှာကို facility ဧရိယာအဖြစ် ထားရှိမည်ဖြစ်ပြီး Level 1 တွင် minimart , beauty saloon , spa နှင့် gym စသည်များ ပါဝင်မည် ဖြစ်သည်။
မြေဧရိယာ ၁၄၅ ပေ x ပေ ၁၈၀ ပေါ်တွင် တည်ဆောက်မည့် Orchid Condo တွင် အခန်းပေါင်း ၁၂၀ ခန့် ပါရှိမည်ဖြစ်ပြီး တစ်ခန်း လျှင် စတုရန်းပေ ၂,၈၀၀ မှ ၃,၈၀၀ ခန့်အထိ ကျယ်ဝန်းကြောင်း သိရသည်။
ပံ့ပိုးမှု အင်္ဂါရပ်ပြည့်စုံစွာပါရှိသော အခန်းများမှာ တစ်ခန်းလျှင် ကျပ်သိန်း ၃,၀၀၀ ခန့်ရှိမည်ဟု ဦးကိုကိုထွေးက ပြောသည်။
အဆိုပါကွန်ဒိုတွင် ကားအစီးရေ ၁၈၀ ခန့် ရပ်နားနိုင်မည်ဖြစ်သည်။