ဝတ္ထုပထမပိုင်း၏ လင့်
http://www.shwemyotaw.com/profiles/blogs/5442636:BlogPost:7445412
(ဂ)
“ မ မေးစရာရှိလို့ “
“မေးလေ ခလေး “
“ ဟိုလေ ညီမလေးခတ္တာက လှလား “
“ အံမယ် ခလေးနော်၊ နင် မဟုတ်ချင်တော့ဘူး “
ဘာရယ်တော့ မဟုတ်၊ သူမသူငယ်ချင်း၏ညီမလေးဆိုသော ခတ္တာအကြောင်းကို ကျွန်တော်မေး
နေခြင်းဖြစ်သည်၊ သူမနှင့်ဆက်စပ်၍ ခတ္တာကို ကျွန်တော်သိခဲ့ရသည်၊ ခတ္တာက ကျွန်တော့်ကို
“အကို ခလေးလေး” ဟု ခေါ်သည်၊ ထိုခေါ်သံက ကျွန်တော့်နားထဲ နည်းနည်းမှ ကဗျာမဆန်၊
အကိုနှင့်ခလေးလေးတွဲပုဒ်က လိုက်ဖက်မှုမရှိပဲ ကန့်လန့်ကြီးဖြစ်နေသည်ဟု ကျွန်တော်ခံစား
ရသည်၊ ထို့ကြောင့် “ အကိုဆိုလဲ အကိုပေါ့၊ ခလေးလေးဆိုလဲ ခလေးလေးပေါ့၊ အကိုခလေးလေး
လို့တော့ မခေါ်ပါနဲ့ခတ္တာရယ် နော် “ ဟု ချော့ချော့မော့မော့ ကျွန်တော်ပြောဖြစ်သည်၊
ခတ္တာကလည်း ကျွန်တော့်တောင်းဆိုချက်ကြောင့် “အကို”ဟု ပြောင်းလဲခေါ်ရှာပါသည်၊
ခု ခတ္တာအကြောင်း မေးကြည့်ရာ သူမက ကောင်းစွာဖြေမပေး၊ စကားကို ဝေ့လည်လည်လုပ်
နေသည်၊ ထို့ကြောင့် ကျွန်တော့်စကားကို ပြန်ကောက်လိုက်သည်၊
“ ပြောဦးလေ မရဲ့ ၊ ခတ္တာ လှလားလို့ “
သူမဘက်က တော်တော်နှင့်စကားပြန်မလာ၊ စက္ကန့် ၃၀-လောက်ကြာခါမှ ခပ်နှောက်နှောက်
ပြန်ကြားစာများ တက်လာသည်၊
“ လှပါ့တော် လှပါ့ ၊ သိပ်လှ ၊ အရမ်းလှ၊ မင်းသမီးလေးလို လှ၊ နတ်သမီးလေးလို လှ….ဟွန့်”
ကျွန်တော် ဟက်ကနဲ ရယ်လိုက်မိသည်၊ (ထိုစဉ်က မမပုန်းညက်ဖြူက ခပ်နှောက်နှောက်
ပြောခဲ့ခြင်းဖြစ်သော်လည်း ပြောသည့်အတိုင်းပင် ဖြစ်သည်၊ ခတ္တာက အပြင်မှာ တကယ်
လှပါသည်၊ တော်ရုံအလှအပကို အသိအမှတ်မပြုတတ်သော ကျွန်တော်ကိုယ်တိုင်ပင်
ခတ္တာကို စတွေ့တွေ့ချင်း လှသည်ဟု ချက်ချင်းအသိအမှတ်ပြုခဲ့ရသည်၊ ဤစာလေးကို
ခတ္တာတွေ့မိလျှင် ကျေနပ်မည်ဟု ယုံကြည်ပါသည်)၊
ယခု ခတ္တာနှင့်ပတ်သက်သော စကားများကို ကျွန်တော်နှင့်သူမ ရွှေမြို့တော်
ချက်ဘောက်မှနေ၍ ပြောနေကြခြင်းဖြစ်သည်၊ ယခုတစ်ကြိမ် တွေ့ဆုံခြင်းသည် ကျွန်တော်နှင့်
သူမ ရွှေမြို့တော်တွင် နောက်ဆုံးတွေ့ဆုံခြင်းဟုလည်း ဆိုနိုင်သည်၊ အကြောင်းမှာ
ထိုတစ်ကြိမ်မှနောက် ရွှေမြို့တော်သို့ ဘယ်သောအခါမှ သူမ ရောက်မလာခဲ့တော့၊
ရွှေမြို့တော်တွင် နောက်ဆုံးအကြိမ်တွေ့ဆုံပြီး ၁၅-ရက်ခန့်အကြာမှာ မှတ်သည်၊ သူငယ်ချင်း
တစ်ယောက်နှင့် ပြောစရာရှိသောကြောင့် ဂျီတော့ပ်ဖွင့်လိုက်ရာ သူမဂျီမေးလ်အကောင့်လေး
မီးနီနေတာကို တွေ့လိုက်ရသည်၊ ကျွန်တော်လည်း ချက်ချင်း လှမ်းမေးလိုက်သည်၊
“ ရွှေမြို့တော်ထဲ ဘာလို့မလာတာလဲဟင် မ ၊ အလုပ်တွေ အရမ်းရှုပ်နေလို့လား
ခလေးသတိရလို့ စာတွေ ပို့နေမိတာလဲ နေ့တိုင်းလိုလိုပဲ၊ မကတော့ ပေါ်ကိုမလာဘူး“
သူမအကောင့်နောက်တွင် is typing….ဆိုသည့် စာတန်းလေး ပြေးနေသည်၊ ခဏအကြာတွင်
ကျွန်တော့်ဆီ ရောက်လာသည်က ကျွန်တော် ထင်မှတ်မထားသည့်စကား -
“ ရွှေမြို့တော်ကို မ ဘယ်တော့မှ လာဖြစ်တော့မယ်မထင်ပါဘူးခလေးရယ် “
ကျွန်တော် အံ့သြသွားသည်၊ အံ့သြစိတ်နှင့်ပင် စိတ်ထဲထင်မိတာကို မေးလိုက်သည်၊
“ ဘာဖြစ်လို့လဲဟင် မ၊ ပြဿနာ တစ်ခုခုများ ရှိလို့လား “
“ ဟင့်အင်း ၊ မ အကြောင်းနဲ့မ ပါ၊ ဘာပြဿနာမှ မရှိပါဘူး “
သူမက ခေတ္တစကားရပ်ပြီးနောက် ခပ်ဖြည်းဖြည်းဆက်ပြောသည်၊
“ မ ခု ကျမ်းမာရေးမကောင်းဘူး ခလေး၊ မနက်ဖြန် ခွဲစိတ်ခန်းဝင်ရမယ် ပြောတယ်၊ အဲဒီက
မ အသက်ရှင်လျှက် ပြန်ထွက်လာနိုင်ပါ့မလားမသိဘူး၊ မ ကတော့ မထင်ဘူး ခလေးရယ် “
ကျွန်တော် ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားရသည်၊ ဘာကြောင့်လဲ ဘာဖြစ်လို့လဲ ဘာရောဂါလဲ
ဘာခွဲစိပ်ရမှာလဲစသည်ဖြင့် ကျွန်တော့်ရင်ထဲ မေးခွန်းပေါင်းများစွာ ထပ်သွားသည်၊သူမကိုတော့
တစ်ခုမှမမေးရက်၊ နှစ်သိမ့်စရာ စကားလုံးကိုလည်း ရှာမရ၊ ကျွန်တော့်အတွေးများ ကျွန်တော့်
ခံစားချက်များအားလုံး ယောက်ယက်ခတ်သွားပြီး ဆွံ့အ,သလိုလည်း ဖြစ်နေမိသည်၊
အတန်ကြာခါမှ “ ဘယ်လိုဖြစ်လို့လဲ မရယ်”ဟု ကျွန်တော်မေးဖြစ်တော့သည်၊ သူမက
ထိုအမေးကို ဘာမှ အကြောင်းမပြန်၊ မဖြေချင်၍ဟု ကျွန်တော်ယူဆလိုက်သည်၊ သူမ ပြော
သလို အမှန်တကယ်ခွဲစိပ်ခန်းဝင်ရမည်ဆိုပါက သူမအားငယ်နေမိမှာတော့ သေချာသည်၊
သူမအနားနေ၍ အားပေးချင်စိတ်လည်း ဖြစ်လာမိသည်၊ သူမပြောပုံ သူမလေယူလေတိမ်း
ကလည်း သာမန်ခွဲစိပ်မှုမျိုးမဟုတ်နိုင်၊ ထို့ကြောင့်-
“ အဲဒါဆို မ ခွဲစိပ်ခန်းဝင်မယ့် ဆေးခန်းအမည်ကို ပြောပြပေးပါလားမ၊ ခလေး လာခဲ့ချင်လို့ “
သူမက ကျွန်တော့်တောင်းဆိုချက်ကို ခါးခါးသီးသီးမဟုတ်သော်လည်း အပြီးအပြတ် ငြင်းပယ်
သည်၊
“ ဟင့်အင်း မလာခဲ့ပါနဲ့ခလေး၊ လုံးဝ မလာခဲ့ပါနဲ့နော်၊ ခုလို အခြေအနေမျိုးနဲ့ ခလေးကို မ မတွေ့
ချင်ဘူး၊ ခလေးမှ မဟုတ်ပါဘူး၊ ဘယ်သူ့ကိုမှ မ မတွေ့ချင်ဘူးလေ၊ ပြီးတော့လဲ…………”
“ ဆက်ပြောပါ မ ၊ ခလေးနားထောင်နေပါတယ် “
“ ဘယ်သူ့ကိုမှ မ သံယောဇဉ်မဖြစ်ချင်တော့ဘူး “
ကျွန်တော့်ရင်ထဲ နင့်ကနဲ ဖြစ်သွားရသည်၊ သူမ စကားလုံးများက ခပ်စိမ်းစိမ်းနိုင်လှသော်လည်း
စိမ်းသည်ဟု ကျွန်တော်မထင်ရက်တော့၊ သူမအတွေးနှင့် သူမခံစားချက်တစ်ခုခုကို ကျွန်တော်
လှမ်းပြီး နားလည်သလိုလို ဖြစ်မိသည်၊ သူမ ပြန်လာနိုင်ပါစေ၊ အဆိုးဆုံးအခြေအနေတွေကနေ
ကျော်လွှားနိုင်ပါစေဟုသာ တိုးတိတ်စွာ ကျွန်တော်ဆုတောင်းနေမိသည်။
(ဃ)
သူမ ခွဲစိပ်ခန်းဝင်ရမည်ဟု ပြောထားသောနေ့မနက်စောစောတွင် အောက်ဖော်ပြပါကဗျာ
လေးတစ်ပုဒ်ကို ကျွန်တော်ရေးပို့ပေးလိုက်မိသည်၊
“ ပန်းနေကြာရဲ့ ဇာတ်ညွှန်း “
ဝေမပျက်ပါဘူး
နေထွက်ရာ ဗဟိုပြုတဲ့
ဝါနုနု နေကြာပင် ၊
ဒေါသမာန် ကဆုန်စိုင်းလို့
မုန်တိုင်းလေ ဘယ်ညာခတ်ပေမယ့်
ခေါင်းမတ်ပုံ လည်မရွေ့
မာပါပေ့ အစဉ် ၊
မိုးသီးစုံ ဝဲပျံလို့
သည်းထန်စွာ ရွာကာချစေတော့
အရှေ့မှ အရှေ့ပင်
မျက်နှာပြင် နောက်မလှည့် ၊
မာန်မတက်ပါဘူး
ဟန်မပျက် တင်းခံလို့
လောကဓံ ဘယ်ညာရမ်းစေတော့
သူ့လမ်းမှာ သူ့သိက္ခာနဲ့
သူ့သစ္စာ သူမဖောက်တယ်
အံ့လောက်ပါရဲ့...........။
ဒီကဗျာလေးကို ဖတ်ပြီး သူမတစ်ယောက် ဘဝအားမာန်နှင့် ဘဝမျှော်လင့်ချက်တစ်ခုခု
ရရှိစေရန် ရည်ရွယ်သည်၊ ဖတ်မိပါစေဟုလည်း ကျွန်တော်ဆုတောင်းလိုက်မိသည်၊ ကျွန်တော့်
ဆုတောင်းပြည့်ပါသည်၊ နေ့လည်ပိုင်းလောက်တွင် သူမဆီက နောက်ဆုံးပြန်ကြားစာဟုဆိုရမည့်
အီးမေးလ်လေးတစ်စောင် ကျွန်တော့်ဂျီမေးလ်အကောင့်လေးထဲ ဝင်လာသည်၊
“ ခလေးရေ…..ခလေးရဲ့ကဗျာလေးကို မ ရရှိပါတယ်၊ ခလေးရဲ့ပန်းနေကြာလေးလို
အားမာန်တင်းပစ်ချင်ပေမယ့် မ ဘဝအခြေအနေက ခွင့်မပြုတော့ဘူးထင်တယ်၊
တစ်ခုခုကို မ ကြိုတင်သိနေသလိုပဲ၊ ခု အပြင်မှာ မိုးစက်မှုန်လေးတွေ ကျနေတယ်ခလေး၊
မ အခန်းကျဉ်းလေးထဲကနေ မြင်နေရတယ်၊ တစ်ချို့မိုးစက်မှုန်လေးတွေကလေ
ပြူတင်းမှန်မှာ လာတွယ်ကပ်နေကြပြီး တစ်ချို့မိုးစက်မှုန်လေးတွေကတော့ ပြူတင်းမှန်
ကနေ လျှောလျှောကျသွားကြတယ်၊ ပြူတင်းမှန်မှာတော့ အစင်းအစင်းကလေးတွေနဲ့
မိုးစက်မှုန်ကလေးတွေရဲ့ ခြေရာလေးတွေထပ်နေတာပဲ၊ အင်း…..တကယ်တော့ ဒါဟာ
သဘာဝတရားပဲထင်ပါရဲ့ခလေးရယ် နော်“
သူမက ကျွန်တော့်ကို စာတွေကဗျာတွေထဲကဘဝထက် ပကတိဘဝအမှန်ကို ပြောပြလိုဟန်
ရှိသည်၊ ဘာပဲဖြစ်ဖြစ် သူမပြောဆိုချက်အောင်မြင်သည်ဟု ဆိုရမည်၊ ပြူတင်းမှန်များတွင်
မိုးစက်မှုန်ကလေးများ တွဲခိုနေတာကိုမြင်မိတိုင်း သူမကို ကျွန်တော်အမြဲသတိရသည်၊
ပြီးတော့ ဘဝ,ဘဝများကို မိုးစက်မှုန်ကလေးများအဖြစ် ကျွန်တော်ပြေးပြေးမြင်မိတတ်သည်၊
ယခု သူမပြန်ကြားစာလေးနှင့်ပတ်သက်၍ ကျွန်တော့်ရင်ထဲ ကျေနပ်မိတာတစ်ချက်လည်း
ရှိသည်၊ ယင်းမှာ သူမပြန်ကြားစာလေးထဲတွင် နုတ်ဆက်သည့်စကားလုံးတစ်ခုမှ မပါ၊ ကျွန်တော့်
ကို နုတ်မဆက်၊ နုတ်မဆက်သောကြောင့် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သူမ မလွဲမသွေပြန်လာ
လိမ့်မည်ဟု ကျွန်တော်ယုံကြည်နေခဲ့သည်၊ ယုံကြည်ချက်ဖြင့် နေ့စဉ်နေ့တိုင်း အီးမေးလ်လေး
တွေ ကျွန်တော်ပို့နေခဲ့သည်၊ သူမဆီက ဘာမှ အကြောင်းပြန်ခြင်းမရှိခဲ့သော်လည်း ကျွန်တော်
စိတ်မပျက်၊ နေ့စဉ်နေ့တိုင်း ကျွန်တော်လိုင်းပေါ်တက်သည်၊ နေ့စဉ်နေ့တိုင်း သူမဆီ အီးမေးလ်
လေးတွေပို့ရင်း သူမဂျီမေးလ်အကောင့်လေးဆီမှ မီးနီလာမည့်အချိန်ကို ကျွန်တော်စောင့်မျှော်
နေခဲ့သည်၊ မျှော်ရင်းစောင့်ရင်း တစ်လခွဲခန့်အလွန် တစ်နေ့၊ ကျွန်တော့်ရင်ထဲ လှိုက်ကနဲ
ဝမ်းသာသွားရသော အဖြစ်တစ်ခုနှင့် ကြုံရသည်၊ ယင်းမှာ သူမနှင့်အတူ လိုင်းပေါ်မှ ပျောက်
သွားသော ခတ္တာ၊ ခတ္တာ လိုင်းပေါ်ရောက်လာသည်၊ ကျွန်တော် စကားပလ္လင်ပင် ခံမနေနိုင်
တော့ဘဲ ခပ်လောလော မေးလိုက်မိသည်၊
“ မမပုန်းညက်ဖြူ အခြေအနေဘယ်လိုရှိသလဲခတ္တာ၊ ကိုယ့်ကို ပြောစမ်းပါဦး “
သူမဆီက တော်တော်နှင့်စကားပြန်မလာ၊ ကျွန်တော် စိတ်မရှည်စွာဖြင့် “ ပြောဦးလေ ခတ္တာ”
ဟု ထပ်မံဆော်သြလိုက်မိသည်၊ ထိုအခါမှ သူမဆီက စကားလုံး(၁၀)လုံးခန့် ကျွန်တော်ထံ
ရောက်လာသည်၊ ထိုစကားလုံး(၁၀)လုံးခန့်က ကျွန်တော့်ယုံကြည်ချက်များ၊ မျှော်လင့်ချက်
များနှင့် ပြောင်းပြန်ဖြစ်နေသည့်စကား-
“ မမပုန်းညက်ဖြူ ဆုံးသွားပြီအကို “
“ ဘာ “
ကျွန်တော်ရင်ထဲ ဟာကနဲဖြစ်သွားပြီး အတွေးများလည်း ချက်ချင်းရပ်တန့်သွားသလို ခံစားလိုက်
ရသည်၊ ထို့နောက် အံ့သြမှင်သက်သလိုဖြစ်နေရာမှ အသိပြန်ဝင်လာချိန် ကျွန်တော်နှလုံးခုန်သံ
များက ရင်ဘတ်ပေါက်ထွက်မတတ် ဆူပွက်လာသည်၊ ရောင်စုံခံစားချက်များက နှလုံးသားမှ
တစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံး ဖြန့်ကျက်သည်၊ ထိုခဏ ထိုခံစားချက်များက ခန္ဓာကိုယ်တစ်ခုလုံး
ပူနွေးသွားစေပြီး ရှိသမျှအားအင်များကိုလည်း အကုန်နုတ်ယူသွားသည်၊ ကျွန်တော်လက်ကို
ကီးဘုတ်ပေါ်ပင် တင်ထားနိုင်စွမ်းမရှိတော့၊ ရှေ့ဆက်မေးဖို့ စာတစ်လုံးနှစ်လုံးပင် ရိုက်နိုင်စွမ်း
မရှိတော့၊ ခတ္တာက ကျွန်တော်ဖြစ်သွားပုံကို ခန့်မှန်းနားလည်မိပုံ ရသည်၊
ကျွန်တော်ရှေ့ဆက်မမေးတော့သော်လည်း သူမဆီကပြောစကားများ ဂျီတော့ပ်ပေါ် တစ်ခုပြီး
တစ်ခု တက်လာသည်၊ မမပုန်းညက်ဖြူက လွန်ခဲ့သောတစ်လခန့်ကပင် အသဲကင်ဆာဖြင့်
နန်းတော်ဆေးခန်းတွင် ဆုံးသွားခဲ့ကြောင်း၊ မဆုံးခင်တစ်ညက သူ့ဖုန်းထဲရောက်နေသည့်
ကျွန်တော့်အီးမေးလ်စာများကို ပြ၍ နုတ်ဆက်သွားသည့်အကြောင်း ပြောဖြစ်အောင်ပြောဖို့
မှာခဲ့ကြောင်း တတွတ်တွတ်ပြောနေရှာသည်၊ ကျွန်တော့်မှာတော့ ဂျီတော့ပ်ပေါ် တစ်ခုပြီး
တစ်ခု တက်လာနေသည့် သူမရှင်းပြချက်များကို ငေးပြီးသာ ကြည့်နေရသည်၊
အသိက ကပ်တစ်ချက် မကပ်တစ်ချက်၊ သူမရှင်းပြချက်ကလေးများကို မြင်တစ်ချက် မမြင်
တစ်ချက်၊ သူမရှင်းပြချက်ကလေးများကို ကြိုးစားလိုက်ဖတ်နေရင်း ကျွန်တော့်မျက်လုံးများ
ဝါးသွားသည်၊ မျက်ရည်များ စို့တက်လာသည်ထင်သည်၊ ဟုတ်ပါသည်၊ ကျွန်တော့်မျက်ရည်များ
စို့တက်နေပါသည်။
(င)
“ ပြန်ကြပါစို့လား အကိုရယ် နော် “
အနားမှကပ်၍ ထွက်ပ်ါလာသော ဆည်းလည်းသံလေးတစ်ခုကြောင့် မမပုန်းညက်ဖြူ၏ အုတ်ဂူ
ကလေးကို ငေးကြည့်ရင်း လွင့်မျှောနေသည့်ကျွန်တော့်စိတ်များ ပြတ်တောက်သွားသည်၊
စောင်းငဲ့ကြည့်လိုက်တော့ အလှမျက်နှာခပ်နွမ်းနွမ်းကလေးဖြင့် ကျွန်တော့်ကို စူးစိုက်ကြည့်
နေသည့် ခတ္တာ၊ ကျွန်တော်က အသာအသာခေါင်းညိတ်ပြလိုက်သည်၊သူမက အနားတိုးကပ်ပြီး
ကျွန်တော့်လက်မောင်းကို သူမကလက်ကလေးဖြင့် ဆွဲယူချိတ်ဆက်သည်၊ ပြီးတော့ သူမ
ခေါင်းကလေးကို ကျွန်တော့်ပုခုံးပေါ်မှီသည်၊ နူးညံ့သိမ်မွေ့သောအတွေ့အထိက ပုခုံးမှတစ်ဆင့်
နှလုံးသားကိုယ်စီသို့ စီးဝင်သည်၊ ထိုအတွေ့အထိကပင် ပြန်ဖို့အချိန်တန်ပြန်ပြီဖြစ်ကြောင်း သတိ
ပေးနေသည်၊ မပြန်ခင် မမပုန်းညက်ဖြူချစ်သော ပုန်းညက်ပန်းစည်းကလေးကို မမပန်းညက်ဖြူ၏
အုတ်ဂူပေါ်သို့ နှစ်ယောက်အတူတင်ပေးမိသည်၊ စစချင်း ယူလာစဉ်က လတ်လတ်ဆတ်ဆတ်
ရှိခဲ့သော ပုန်းညက်ပန်းစည်းကလေးသည် ယခုတော့ နေပူဒဏ် အချိန်ကာလတိုက်စားမှုဒဏ်
တို့ကြောင့် နွမ်းရော်ရော်ဖြစ်နေပြီဖြစ်သည်၊ ဘာဖြစ်ဖြစ် မမပုန်းညက်ဖြူတစ်ယောက် အရာ
အားလုံးကို ကျေနပ်မည်ဟု ထင်ပါသည်………..။
ဝတ္ထုလေးနှင့်ပတ်သက်၍ မှတ်ချက်စကား…။ဤဝတ္ထုလေးသည် ရှေ့တွင် ဘလော့ပို့စ်အဖြစ်
တင်ပြီးသော ဝတ္ထုလေး၏အဆက်ဖြစ်ပါသည်၊ ဖတ်ရှုအားပေးသူများ ရှိလာသောကြောင့်
အဆက်ပြတ်မသွားစေဖို့အတွက် ဤကောက်ကြောင်း(၂)မှာပင် အပြီးသတ်လိုက်ပါသည်၊
ကောက်ကြောင်း(၃)ကို ဆက်ရေးဖို့အစီအစဉ်ရှိသေးသော်လည်း လိုင်းပေါ်ကိုတော့ တင်ပေး
ဖြစ်တော့မည်မဟုတ်ပါ၊ ဖတ်ရှုအားပေးသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်၊
ဤဝတ္ထုလေးသည် ဖြစ်ရပ်မှန်တစ်ခုကို အခြေခံထားခြင်းဖြစ်သောကြောင့် စုံစမ်းမေးမြန်းခြင်း
သည်းခံပေးပါဟု အနူးအညွှတ် တောင်းပန်အပ်ပါသည်။