ယောင်္ကျားဂုဏ်ရည်
ကျွန်မ မမမေ မြန်မာပြည်က မိန်းမပီပီ ခေတ်နဲ့အညီကိုရီးယားကားတစ်ကား ကြည့်ခဲ့ပါသည်။
ဇာတ်လမ်းနာမည်က ယောင်္ကျားဂုဏ်ရည်တဲ့
ဇာတ်လမ်းတွဲကြည့်တယ်ဆိုပေမင့်လည်း ကျွန်မ သေသေချာချာ ကြည့်သည်မဟုတ်။
အနည်းငယ် ထိုင်ကြည့်လိုက်။ လုပ်စရာအလုပ်တွေ ထလုပ်လိုက်နဲ့ ယောက်ျားဂုဏ်ရည် ဘယ်နေရာမှာ ဘာရသပေးတယ်ဆိုတာပင်မသိလိုက်။
ကိုရီးယားဇာတ်လမ်းတွဲဘယ်လိုအဆုံးသတ်သွားတယ်မသိ ကျွန်မ မမမေ ရဲ့စိတ်ထဲမှာတော့ ယောင်္ကျားဂုဏ်ရည်နဲ့ ပတ်သက်တဲ့ အတွေးပေါင်းများစွာ ရစ်ဝဲလျှက်…………….
=====================================
တစ်နေ့ ကျွန်မ မမမေ ဖုန်းမှာ Internet ကို Data Connection ယူလိုက်တော့ Viber မှာ ဖုန်းနံပါတ်တစ်ခု တက်လာတယ်ရှင့်
မသိတဲ့ နံပါတ်ပါပဲ
" မမ ဘာတွေလုပ်" တဲ့ မသိတဲ့နံပါတ်မို့ ဘာမှ မပြောဘဲ ထားထားလိုက်ပါတယ်။
နောက်နေ့တွေလည်း သူက ဆက်နှုတ်ဆက်နေတုန်းပဲ။ ဒီလိုနဲ့ တစ်ပတ်လောက်ဆက်တိုက်နှုတ်ဆက် နေတော့ အားနာတာနဲ့ ပြန်နှုတ်ဆက်ပြီး အသိထဲကလား။ ဘယ်သူလဲဆိုတာ သိချင်လို့ မေးလိုက် မိပါတယ်။
"မင်္ဂလာပါရှင့်။ ဘယ်သူလဲမသိဘူးနော်"
"မမက အရမ်းခင်ဖို့ကောင်းတယ်နော်။ ကျွန်တော့်ကို မသိဘူးလား"
"မသိဘူးရှင့်။ ဘယ်သူလဲ"
"ကျွန်တော်က ရန်ကုန်ကပါ။ ကျွန်တော်လည်း တကယ်တော့ မမကိုမသိဘူး။ ခင်လို့နှုတ်ဆက်လိုက်တာ" တဲ့လေ
ထူးဆန်းသည့်ဖြစ်ရပ်မှန်ပါပဲ။ တစ်ခါမှလည်း မသိ။ မြင်လည်းမမြင်ဖူး။ အွန်လိုင်းက သူငယ်ချင်း လည်းမဟုတ်ဘဲနဲ့ ခင်လို့ နှုတ်ဆက်ပါသတဲ့။
ရှိစေတော့ ။ ရှိစေတော့။ စိတ်ဝင်စားစရာမကောင်းသည့် ဖုန်းနံပါတ်ပါ။
နောက်တော့ နေ့စဉ်ရက်ဆက် Viber ကနေ စကားပြောလာပါတော့တယ်။
ကျွန်မ မမမေဆိုတာ ကလည်း အရေးကြီးသည့်အကြောင်းရှိလျှင် Data Connection ယူ။
ပြောချင်တဲ့အကြောင်းအရာကို ပြော။
အချိန်လေးရသေးလျှင် ခင်မင်တဲ့ သူငယ်ချင်းလေးတွေဆီ ဆုတောင်းလေးတွေ ပို့။
ပြီးရင် Data Connection ပြန်ပိတ်၊
ဒီလိုနဲ့ အလုပ်ရှိရင်လုပ်နဲ့ သံသရာလည်နေရသူပါ။
တစ်နေ့တော့ ကျွန်မ သစ်ထူးလွင်မှာ သတင်းလေးဖတ်ချင်လို့ Download ဆွဲနေတုန်း
ယမန်နေ့တွေက ဖုန်းနံပါတ်ပိုင်ရှင် နှုတ်ဆက်လာပါတယ်။
"မမ အဆင်ပြေလား။"
ကျွန်မလည်း အားနေတာကတစ်ကြောင်း၊ download ဆွဲနေတာမို့ ထွေထွေထူးထူးအလုပ်မရှိ နေတာကြောင့် ပြန်နှုတ်ဆက်လိုက်ပါတယ်။
"ဟုတ်ကဲ့ ပြေပါတယ်ရှင့်၊ ကျေးဇူးပါနော်"
"ဒါနဲ့ မမ ဘာတွေလုပ်နေလဲ၊"
"ဒီလိုပါပဲ"
"မမ ကျွန်တော် မမကို တော်တော်ခင်တယ်ဗျာ၊ မမရော ကျွန်တော့ကို မခင်ဘူးလား"
"မမ နဲ့စကားပြောရတာ ကျွန်တော့အတွက်တော့ တကယ်ပျော်စရာလေးပါပဲဗျာ"
မြတ်စွာဘုရား။
သင်းရူးများရူးနေလားမသိ။ စကားကဖြင့် ခုမှ တစ်ခွန်းလောက်ပြောဖူးတာ
ကျွန်မ သိလိုက်ပါတယ်။ ဒါ တမင် ခုခေတ်အခေါ် တော်ကီတွေ ကျွေးခြင်းပါ။
"မမ ကျွန်တောလေ မမကို အရမ်းခင်တယ်"
"ဟုတ်ကဲ့ ခင်ပါရှင်။ မြန်မာလူမျိုးအချင်းချင်း ခင်မင်တာပေါ့"
စကားတွေ တော်တော်ပြောပါတယ်။
ကျွန်မလည်း Download Complete ဖြစ်ပြီမို့ စကားပြန်မနေတော့ဘဲ Connection ဖြုတ်လိုက်ပါတော့တယ်။
============================================
နောက်နေ့ နောက်တစ်နေ့မှာတော့
သကောင့်သား ဖုန်းနံပါတ် ဖုန်းဆက်လာပါတယ်။
"ဟုတ်ကဲ့ အမိန့်ရှိပါရှင်"
"မမ ကျွန်တော်အကူအညီတောင်းစရာရှိလို့ပါ၊ ခဏပဲပြောမယ်နော်၊ ကျွန်တော် ဖေ့ဘုတ် အကောင့်လိုချင်လို့၊ အဲ့ဒါ ကျွန်တော့ကို အကောင့်လုပ်ပေးပါလား။ မမ လုပ်တတ်တယ်မလား အပြင်မှာ လုပ်ရင် ပိုက်ဆံကုန်တယ်လေ"
"အော။ အကောင့်လုပ်တာကလွယ်ပါတယ်။ ဒါပေမယ့် အမ ကော်နရှင်မကောင်းရင် လုပ်လို့ အဆင် မပြေဘူးရှင့်။"
ချက်ချင်းဖုန်းချလို့ Message တစ်စောင်ပို့ခဲ့ပါတယ်။ Viber ဖွင့်လိုက်ပါတဲ့လေ။
ရယ်စရာကောင်းတဲ့ ဖုန်းနံပါတ်မှန်းမသိခဲ့ဘူး။
ကျွန်မ မမမေလည်း ရုံးသွားဖို့ ပြင်ဆင်၊ လုပ်စရာရှိတာလုပ်နဲ့ အဆိုပါ ဖုန်းနံပါတ်ကို မေ့လို့လျော့လို့ပေါ့
============================================
ဒါနဲ့ ပြောရအုံးမယ် ကျွန်မ တို့နေတဲ့ အဆောင်က အဆောင်ချည်းသီးသန့်မဟုတ်၊ အိမ်နဲ့ အဆောင်တွဲထားတဲ့ မိသားစုအဆောင်လေးပေါ့။
အဲ့ဒီမှာ မိန်းကလေးချည်း (၁၁)ယောက် နေကြတယ်။
ပြောချင်တာက ခုမှ စတော့မှာပါ။
ကျွန်မ မမမေ ဆီကိုလာတဲ့ဖုန်းမှန်သမျှ အလုပ်ကိစ္စ၊ရုံးကိစ္စများမှတစ်ပါး ကျန်သည့်ကိစ္စများအားလုံးကို အဆောင်နေ ညီမများ၊ မမများ၊ သူငယ်ချင်းများ အကုန်သိကြပါသည်။
ထိုနည်းလည်းကောင်း…. အခြားသူများဆီသို့လာသော ဖုန်းများ၊ စာများကိုလည်း အတူတူပင်။
ချစ်ခင်စည်းလုံးပြီး လျှို့ဝှက်ချက်အတော်နည်းသည့် ကျွန်မတို့ မိသားစုအဆောင်လေးရယ်ပါ။
သည်တော့ကား။ ကျွန်မ မမမေဆီကို ဖုန်းဆက်လေတိုင်း အရေးမကြီးသည့် အလုပ်ဖုန်းများဆိုလျှင် သို့တည်းမဟုတ် ကြောင်သည့်ဖုန်းများဖြစ်လျှင် အဆောင်သူများက ရယ်ကြ၊ မောကြ၊ အထင်လေးတွေ မျှဝေကြနှင့် တစ်ခါတစ်ရံ ရယ်ကြ၊ တစ်ခါတစ်ရံ ပြုံးကြ၊ တစ်ခါတစ်ရံလည်း ဝေဖန်သံလေးတွေနှင့် စည်ညံနေတတ်ပါတယ်။
အဆိုပါ ဖုန်းသရဲ (သို့တည်းမဟုတ်) ကျွန်မအား ခင်လှပါသည်ဆိုတော့ သကောင့်သားသည်ကား အဆောင်သူများကြား ဟားစရာ၊ ရယ်စရာ သတ္တ၀ါသာသာမျှသာ ရှိနေပါတော့သည်။
ထိုအခိုက် တစ်နေ့သော ညနေခင်းမှာတော့
ကျွန်မ မမမေ တစ်ယောက် Data Connection ကို အသာဖွင့်လို့ သတင်းလေး Download ဆွဲနေခိုက်
ကျွန်မဖုန်းရဲ့ Notification လေးမှာ Viber Message လေးတွေ အဆက်မပြတ် တက်လာပါတော့တယ်။
ယင်းကားအခြားမဟုတ်။ ယမန်နေ့များက ဖုန်းပိုင်ရှင်လေးရယ်ပါ။
" ဟေ့ ချစ်မမ ဘာတွေလုပ်"
ဗုဒ္ဓေါ…………
ကျွန်မ မမမေ သံရှည်ဆွဲပြီးပင် တလိုက်မိသည်ထင့်။
ယင်းငနဲလေးနှင့် ကျွန်မ ထိုမျှလောက်လည်း မရင်းနှီးပါဘဲနှင့် ဒင်းလေးက ကျွန်မကို ချစ်မမတဲ့။ အတော်ရယ်စရာကောင်းတဲ့ သကောင့်သားပါပင်၊
"ရယ်စရာ သကောင့်သားတက်လာတယ်ဟေ့။ စပ်စုချင်တဲ့လူ တန်းစီ"
ကျွန်မက မောင်းခတ်လိုက်ရင်ပဲ ကြီးကြီးငယ်ငယ် မမများ ညီမလေးများ တန်းစီလာပါတော့တယ်။
ဒီမှာ တစ်ခန်းဆက်မယ်ဆိုရင်ဖြင့်
" မမ ခုဘာလုပ်နေလဲ"
"Downloading news"
"အော်။ မမဆီကို ဖုန်းအရမ်းခေါ်ချင်တာပဲ"
"ဟုတ်လား"
"မမအဲ့ဒါ ကျွန်တော်ခေါ်ရမလား"
"Connection Fail ဖြစ်မှာစိုးလို့ မခေါ်နဲ့"
"ဒါဆို နောက်နည်းနည်းကြာရင်ခေါ်မယ်နော်"
"ဟမ်"
"မဟမ်နဲ့ မမနဲ့စကားအရမ်းပြောချင်နေလို့"
အတော်ရူးကြောင်ကြောင်နိုင်တဲ့သကောင့်သားလို့ ထင်ရပေမင့် နောက်စကားလုံးများကြောင့် တော်တော်အကြံကြီးတဲ့ သကောင့်သားဆိုတာ သိလိုက်ရပေတော့မှ
"မမ ကို စကားတွေ အများကြီးပြောချင်လွန်းလို့ပါနော်။ ကျွန်တော့မှာ ဖုန်းဘီလ်ကလည်း သိပ်မကျန်တော့လို့ မမဆီကနေ ဖုန်းဘီလ်လှမ်းထည့်ပေးပါလားဟင်။ နော် မမ"
ဖြစ်မှ ဖြစ်ရလေခြင်း။ အချောင်သမားလေးပါလား?
ကျွန်မတို့ မိန်းကလေးတစ်ဖွဲ့လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ကြောင်နေရာမှ
"ဘာကြီးတုန်းဟ"
"အရှက်လည်းမရှိဘူး"
"ယောင်္ကျားဖြစ်ပြီး ဖုန်းဘီလ်ထည့်ခိုင်းရတယ်လို့"
"ငကြောင်"
"အဲ့ဒါဘာမှမဟုတ်ဘူး၊ ပိုင်းလုံးစိတ်ဓါတ်"
"သိတောင်မသိသေးတဲ့လူကိုများ။ ရူးနေလားမသိဘူး"
"အံ့သြပါရဲ့။ အရှက်မရှိတဲ့ကောင်"
"@!$&@*(*%@% @&*##Y@(# "
"@!$&@*(*%@% @&*##Y@(# "
"@!$&@*(*%@% @&*##Y@(# "
ကဲမှတ်ကရော မိန်းကလေး (၁၁)ယောက်ရဲ့ ချီးမွမ်းစကားသံလေးများရယ်ပါ။
အားလုံးက ကိုယ့်အတွေးနဲ့ကိုယ် ခဏတော့ငြိမ်သက်သွားပြီးတော့
မှတ်ချက် ကိုယ်စီပေးလိုက်ကြသည်ကတော့
"အောက်တန်းစားစိတ်ဓါတ်နဲ့ ကိုယ်တော်ချောပါ"တဲ့ရှင်
=================================================
တစ်ခုသော နံနက်ခင်းမှာ ကျွန်မဆီကို အရမ်းခင်မင်တဲ့ ဆရာမတစ်ယောက် အပြေးလေး ရောက်လာပါတယ်။
ဆရာမက သဘောကောင်း၊ မနောကောင်းလေးပါ။
အပြစ်ပြောစရာဆိုလို့ ရုပ်လေးမချောတာတစ်ခုပဲရှိပါတယ်။
"မေလေးရေ အမကို ကူညီပါအုံးနော်။"
ခရီးရောက်မဆိုက် ဆရာမ ပြောလိုက်တဲ့စကားပါ။
အော်ဒါနဲ့ ဆရာမဆိုလို့ အသက်ကြီးကြီး၊ ဆံထုံးထုံးလို့ ခေတ်နဲ့ လိုက်လျောညီထွေမရှိတဲ့ ဆရာမ မဟုတ်ဘူးရှင့်။ ပြီးတော့ သူက တက္ကသိုလ်က ဆရာမတစ်ယောက်ရယ်ပါ။
သူ့သိက္ခာကိုလည်း အမြဲတန်ဖိုးထားပြီး ထိန်းသိမ်းတတ်တဲ့ အမတစ်ယောက်ပေါ့
သူလည်းပဲ တစ်နေ့မှာ အချစ်နွံထဲနစ်လိမ့်မယ်လို့ အိပ်မက်ပင် မက်မိမှာ မဟုတ်ပါဘူး။
သို့ပေမယ့်လည်း ကျွန်မဆီ ရောက်လာခဲ့တဲ့တစ်နေ့ပေါ့
"ဟုတ် အမ ပြောလေ။ မေ ဘာကူညီပေးရမလဲ"
"မေလေးရယ် ပြောရမှာလည်း ရှက်ပါတယ်။ မဖြစ်မနေမို့သာပြောရတာပါ။ ကိုလင်းကိစ္စပါ"
"ရှင် ။ ကိုလင်းလား။ ဘာဖြစ်လို့လဲ အမ"
ကိုလင်းဆိုတာ မမမေရဲ့ မောင် (၂)၀မ်းကွဲပါ။ မမမေထက် (၁)နှစ်လောက်ပဲငယ်ပြီး အဆိုပါ ဆရာမထက်တော့ ၈ နှစ်လောက် အသက်ကွာပါတယ်။ မောင်လေးနဲ့ မမဇာတ်လမ်းထွင်နေကြတာ ၁ နှစ်လောက်ကြာပါပြီကော။
မိဘတွေနဲ့ တစ်ခြားသူတွေသာ မသိသေးတာ မမမေ နှင့် သူငယ်ချင်းများကတော့ တစ်စိတ်တစ်ဒေသ သိထားပါတယ်။ အလုံးစုံတော့ မဟုတ်ဘူးပေါ့။
"ကိုလင်းလေ အမကို အဆက်အသွယ်ဖြတ်တယ် မေလေးရယ်။ အဆက်အသွယ်ဖြတ်ရင် တော်ရုံ မဟုတ်ဘူး။ ပြောသွားတဲ့စကားတွေက အမ သိက္ခာကို အရမ်းထိခိုက်လွန်းတယ် အမလေ… အမ…"
ဆရာမခမျာ သေချာတောင် ဆက်မပြောနိုင်ရှာဘဲနှင့် ငိုပါတော့တယ်။
ကျွန်မလည်း သိချင်စိတ်က ပိုလာပြီမို့ အမ တိတ်တော့နော်။ မေ့ကို သေချာပြောပြဆိုမှ
"မေလေးရယ် အမ ကိုလင်းကို တကယ်မေတ္တာစစ်နဲ့ချစ်ခဲ့တာပါ။ သူလိုသမျှလည်းဖြည့်ဆည်း ပေးခဲ့တာပါ။ ခုတော့ မေလေးရယ်"
"အမ ဖြည့်ဆည်းပေးခဲ့တယ်ဆိုတော့"
"ဟုတ်တယ် မေလေး သူလိုချင်တာမှန်သမျှ အမ ၀ယ်ပေးခဲ့တယ်။ သူ့အပေါ်အနွံတာခံ ခဲ့တယ်။ ခုတော့ အမကို ကွယ်ရာမှာ သူ့သူငယ်ချင်းတွေကြားမှာ ပြောလိုက်တာ ရစရာတောင်မရှိဘူး။ အမက တန်ဖိုးမရှိတဲ့ မိန်းမနောက်ပိုးလုံးလုံးဖြစ်လို့၊ သူ့ကို အမ ဘယ်လောက်ကြွေနေတယ်။ သူ့အတွက် Sponsor မိန်းမလည်းဖြစ်တယ်ပေါ့။ သူ့သူငယ်ချင်းတွေရှိတဲ့နေရာသွားရင် မမကို လှောင်သလို ပြောင်သလို ကြည့်ကြတယ်။ ဒါတွေ အမ အစက မသိခဲ့ဘူး။ ခု သူနဲ့အဲ့ဒီအကြောင်းပြောတော့ အမကို အဆက်ဖြတ်မယ်တဲ့လေ။ "
"'ဒါဆို အမ ဘာတွေ ပေးခဲ့ရတာလဲ။ ကိုလင်းကို"
"အင်း မေလေး။ အမ သူ့လိုချင်တယ်ဆိုလို့ ပြီးခဲ့တဲ့လကမှ Glaxy S4 ၀ယ်ပေးခဲ့သေးတယ်။ အဲ့ဒါမှ မရရင် မဖြစ်ဘူးဆိုလို့ပါ။ နောက်ပြီး တစ်ခြားပစ္စည်းတွေလည်း ဒီလိုပဲ ၀ယ်ပေးခဲ့ရတာတွေလည်း ရှိပါတယ်။ အဲ့ဒါတွေအတွက် အမ ဘာမှ မနှမြောပါဘူး။ အမကို ကွယ်ရာမှ စော်ကားတာကိုပဲ စိတ်မကောင်းဘူးမေလေးရယ်"
"စိတ်မကောင်းမဖြစ်ပါနဲ့ အမရယ်။ မေ ကြည့်ပြီး စုံစမ်းပြီး ညှိပေးပါ့မယ်"
တကယ်တမ်း ဘယ်လိုညှိရမှာလဲ။ ဘယ်လို လုပ်ရမှာလဲ။ ကိုယ့်မောင်က မှားနေတာဆိုတော့ ယောင်္ကျားတန်မဲ့ မိန်းကလေးတစ်ယောက်ဆီက ချူစားတဲ့ ဒင်းကိုပဲ ရှုတ်ချ ပြစ်တင်ပြီး ဆူပူကြိမ်းမောင်း ရတော့မပေါ့။
တကယ်တမ်းကျတော့ မမမေ အပြစ်တင်မိတော့ သကောင့်သား မောင်တော်က
"မေ နင်ငါ့ကို အပြစ်လာမတင်နဲ့။ ငါ့ရုပ်ရှိလို့ ရေလျှံတဲ့ မိန်းမကြွေတာ ဘာဖြစ်လဲ။ ငါတောင်းလို့ သူပေးတယ်။ သူပေးလို့ ငါယူတယ်။ အပိုတွေ ပြောစရာမလိုဘူး။ တကယ်ဆို ဂုဏ်တောင်ယူရအုံး မယ်၊အလကား လာတွမ်မနေနဲ့"
"ဖြစ်မှ ဖြစ်ရလေ ကိုလင်းရယ်။ နင်မရှက်ဘူးလား။ နင့်မှာ ခြေတွေလက်တွေမပါဘူးလား။ နင်နူဝဲကျိုးကန်းနေလို့လား။ သူများဆီက ပြီးတော့ မိန်းမတစ်ယောက်ဆီက လက်ဖြန့်ရအောင် ။ နင် ခန္ဓာကိုယ်ချို့တဲ့နေတဲ့သူလား။ ခန္ဓကိုယ်ချို့တဲ့နေတဲ့သူတောင် မိန်းမတစ်ယောက်ဆီက ကပ်မစားဘူး။ ချူမစားဘူး။ အရှက်မရှိတဲ့ကောင်ရဲ့"
ကျွန်မ ကတ်ကတ်လန်အောင် ရန်တွေ့သော်လည်း သကောင့်သားက ပြန်ပြောလေရဲ့
"ကိုယ့်ကုသိုလ်နဲ့ ကို မေ။ နင်ဘာမှ လျှာမရှည်နဲ့။ ငါ့သူငယ်ချင်းတွေကြားမှာ ငါက စတားပဲ"
"အေး နင့်သူငယ်ချင်းတွေကြားမှာ နင်က စတား။ မိန်းကတွေကြားမှာ နင်က ယောင်္ကျားပိုင်းလုံးပဲ၊ စိတ်ဓါတ်ကို အဆင့်အတန်းမရှိဘူး။ နင်နောက်ကို ငါ့ကို လမ်းမှာတွေ့ရင်တောင် မခေါ်နဲ့။ ရှက်လို့ဟေ့"
ကျွန်မလည်း ဒေါသကိုရှေ့တန်းတင်ပြီး ပြောဆိုလိုက်မိပါတယ်။
သူပြောတာတော့ ဟုတ်နေပါသည်။. သူ့သူငယ်ချင်း လေးငါးယောက်ကြားမှာတော့ သူက အတော်ကို စတားပါ။ သို့ပေမင့်
မိန်းကလေးများအကြားမှာတော့ (သူ့ကိုအရမ်းချစ်နေပါသော သူ့မမမှတစ်ပါး) သူက အရှက်မရှိတဲ့သူ။ သူ့ကို မေတ္တာရှိနေပါသော မိန်းကလေးတစ်ယောက်ဆီက ချူစားနေတဲ့ အောက်တန်းကျတဲ့ ယောင်္ကျားတစ်ယောက်အဖြစ်နဲ့ပေါ့။
ဒါဟာရခဲလှတဲ့ ယောင်္ကျားဘ၀ကို ရလာပါလျက် ယောင်္ကျားတစ်ယောက်ရသင့်တဲ့ ယောင်္ကျားဂုဏ်ရည်တွေလား??
================================================
တကယ်တမ်းယောင်္ကျားတစ်ယောက်ဖြစ်လာပြီလျှင် ယောင်္ကျားဘ၀ကို ရလာပြီဆိုလျှင် လူအများ လက်ခံထားကြသည်က
ယောင်္ကျားဘ၀ဆိုတာ မြင့်မြတ်ပါသတဲ့
ယောင်္ကျားဘ၀ရတာ ကုသိုလ်ထူးပါသတဲ့
ယောင်္ကျားဖြစ်ရတာ အပါယ်တံခါးကိုတောင် ပိတ်နိုင်ကောင်းပါရဲ့
ဘုရားဆုပန်မင်းယောက်ျားလို့ပဲ ရှိတယ်။
ယောင်္ကျားဘ၀ကိုသာ မက်မောကြပါသတဲ့ တဲ့။
အမျိုးမျိုးသော ကောင်းကွက်လေးတွေ ကြားရပါတယ်။
ယောက်ျားတစ်ယောက်ရဲ့ ဂုဏ်ရည်ကို ဖွဲ့နွဲ့ကြတဲ့ စာတွေလည်း များစွာရှိပါသေးတယ်
ကဗျာတွေလည်း အတော်ကို များလှပါတယ်
လောကနိတိမှာလည်း ယောင်္ကျားကောင်းတို့ရဲ့ ဂုဏ်ရည်တွေ တွေ့ရပါတယ်။
သို့သော်ငြားလည်း တစ်ချို့သော ယောက်ျားလေးများ ဘယ့်အတွက်ကြောင့် လုပ်ရပ်ဆိုးတွေ လုပ်နေကြသလဲ။
လုပ်ရပ်ဆိုးတွေကို ဂုဏ်ယူနေကြသလဲ။
သူတို့လေးတွေရဲ့ ဖြစ်အင်တွေကို ဂရုဏာသက်မိပါတယ်။
အတောင်နှစ်ဆယ်ဝတ်မင်းယောင်္ကျားများဖြစ်လျှက် တစ်ချို့သော ယောင်္ကျားရင့်မာကြီးများ အရှက်မဲ့တဲ့ လုပ်ရပ်တွေ ကိုမှ မက်မောနေကြပါသလဲ။
သူတို့ ဂုဏ်ယူစရာလို့ ထင်တဲ့ လုပ်ရပ်များဟာ လူအနည်းငယ်ကြားမှာ ဂုဏ်ယူစရာဖြစ်နေပေမင့် လူအများကြားမှာ ရှက်ဖွယ်လိလိ ယောင်္ကျားဂုဏ်ရည်မဲ့တဲ့ဖြစ်ရပ်ဆိုတာ မသိလေရော့သလား။
=======================================
ကျွန်မ မမမေ အထင်မကြီးသည့် ယောင်္ကျား(၂)မျိုးနှစ်စားပဲရှိပါတယ်။
နံပါတ်(၁)က ကိုယ်ခန္ဓာချို့တဲ့နေသူ မဟုတ်ဘဲ ကိုယ့်အားကိုယ်မကိုး၊ မိန်းမအပေါ်မှီခိုစားသောက် နေသူ။ ထိုသူကိုတော့ လူ့အတ္တသမား။ ကိုယ်ကျိုးရှာ တစ်ကိုယ်ကောင်းသမားအဖြစ်သတ်မှတ်ပြီး အထင်သေးပါတယ်။
နံပါတ်(၂)ကတော့ မြင်မြင်သမျှထန်း ငါ့ထန်း ဆိုသလို တွေ့မရှောင်ငမ်း၊ တဏှာကိုသာ ရှေ့တန်းတင်၊ သမီးအရွယ်ပါမချန်တဲ့ ပုရိသနှာဘူးမျိုးကို အထင်သေးပါတယ်။ မြတ်ဘုရားအဆုံးအမလည်း မသိ၊ သိသိလျှက်နဲ့ မိုက်၊ တဏှာကျော့ကွင်းဆို မီးဟုန်းဟုန်းတောက်ချင်နေတဲ့ ပုရိသမျိုးပါ။
လောကမှာ အရက်သမား၊ လောင်းကစားမက်မောသူ၊ အခြောက်တို့ထက် ကြောက်စရာကောင်းတဲ့ ယောင်္ကျားမျိုးရယ်ပါ။
မမမေရဲ့ သက်တမ်း(၂၈)နှစ်လုံးလုံးမှာ ဖတ်သမျှစာအုပ်၊ ပတ်ဝန်းကျင်မှာကြုံတွေ့သမျှ အရ ယောင်္ကျားတစ်ယောက်ကောင်းရဲ့ ဂုဏ်ရည်ကို ဒီလိုလေးတွေသတ်မှတ်ပါတယ်တဲ့ရှင်။ တစ်ယောက်နဲ့ တစ်ယောက်နဲ့တစ်ယောက် တူချင်မှာပါ။ သို့ပေမယ့်လည်း တိုက်ဆိုင်မှုလေးတွေ များရင်တော့ဖြင့်
(၁) ယောင်္ကျားကောင်းမှန်ရင် ကိုယ့်အားကိုယ်ကိုး နိုင်ရမယ်။
(၂) ယောင်္ကျားကောင်းမှန်ရင် အားနွဲ့သူ မိန်းမသား၊ ကလေးများအပေါ်မှာ ချစ်ခင်ကြင်နာစိတ်ရှိရမယ်။
(၃) ယောင်္ကျားကောင်းမှန်ရင် တစ်ဖက်သား အခက်အခဲကို မမြင်ချင်ယောင်ဆောင် ကျော်မသွားရဘူး။ (ငွေအားဖြင့် မတတ်နိုင်ရင်တောင် အကြံဥာဏ်ကောင်း၊ သို့တည်းမဟုတ် လူအားဖြင့် ကူညီပေးနိုင်သူ)
(၄) ယောင်္ကျားကောင်းမှန်ရင် တဏှာဘက်ကောက်ကောက်ပါအောင်လိုက်လို့ အမှားအမှန်မမြင်သူ မဖြစ်ရဘူး။ (ယောင်္ကျားတိုင်းမှာ နှာဘူးနဲ့ဂန်ဒူးပဲရှိတယ်လို့ ပြောကြပါတယ်။ တစ်ချို့ကပေါ့လေ။ မဘူးတဲ့ယောင်္ကျားမရှိဘူးပေါ့။ သို့သော်လည်း မိန်းမတိုင်းကို ဘူးနေတာမျိုးကတော့ တဏှာစိတ်ကြီး သူလို့ပဲသတ်မှတ်ရပါမယ်)
(၅) ယောင်္ကျားကောင်းမှန်ရင် သစ္စာတရားကို တန်ဖိုးထားတတ်ရမယ် (မိန်းမကောင်းလေးများလည်း သစ္စာတရားကို တန်ဖိုးထားတတ်ဖို့လိုပါတယ်)
(၆) ယောင်္ကျားကောင်းမှန်ရင် အချောင်လိုချင်တဲ့ စိတ်ဓါတ်ကို မောင်းထုတ်ပစ်နိုင်ရမယ်။ (အချောင်ရမယ်ဆိုရင် ယောင်္ကျားမှ မဟုတ်ဘူး မည်သူမဆိုလိုချင်ကြပါတယ်။ သို့သော်ငြားလည်း ယောင်္ကျားကောင်းဆိုတာ လိုချင်စိတ်ကို ထိန်းချုပ်ကန့်သတ်နိုင်ရပါမယ်)
ထိုထိုသောအချက်များနှင့် ပြည့်စုံပါက ကျွန်မ မမမေ သတ်မှတ်သော ယောင်္ကျားကောင်းတစ်ယောက် ဖြစ်ပါကြောင်း ကြော်ငြာအပ်ပါသည်။
ဒီပို့စ်လေးများ သဘောထားမတိုက်ဆိုင်မှုများရှိပါလိမ့်မယ်။ မမမေ ကို မုန်းကောင်းမုန်းနိုင်ပါတယ်။ အမြင်ကတ်ကောင်း ကတ်နိုင်ပါတယ်။ သို့ပါသော်လည်း မုန်းလျှင်လည်း မုန်းစေတော့ အမြင်ကတ်လျှင်လည်း ကတ်စေတော့။
ကျွန်မ ချပြတဲ့ အကြောင်းအရာလေးဟာဖြင့် အနည်းငယ်သော အမှားအယွင်းလေးကိုပင် ပြုပြင်နိုင်သည်ဆိုပါက ကျေနပ်နှစ်သိမ့်နေမည်သာ။
ချစ်သော မောင်လေးများ၊ ကိုကိုများ အားလုံး ပြီးပြည့်စုံသော ယောင်္ကျားဂုဏ်ရည်ကို ပိုင်ဆိုင်နိုင် ကြပါစေ။
ဘာကိုမှ ပိုင်ဆိုင်မထားသူ မမမေ
တစ်ပါးသူပျော်ရွှင်ဖို့စိတ်ရင်းနှင့်အားထုတ်သူသည် ကိုယ်တိုင်ပျော်ရွှင်ရသူသာဖြစ်သည်။